မျှစ်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးများ
မြန်မာနိုင်ငံမှာ မျှစ်စားလို့သေတဲ့သူဆိုတာ မကြားဖူးသလောက်ပါပဲ။ မြန်မာနိုင်ငံသားတိုင်း မျှစ်ကို နှစ်နှစ်ကာကာစားကြတာပါပဲ။ မျှစ်စားခြင်းကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသလို ဆိုးကျိုးတွေလည်း ရှိနေပါတယ်။
မျှစ်ရဲ့ကောင်းကျိုးများ
(၁) အစာခြေစနစ် ကျန်းမာခြင်း
မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ်ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ်အာနိသင် ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂက်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄) သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုတက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရောအဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီ ပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှု များပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေးရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်းမှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန်လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့ရာအတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသုံးပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်ကို ဒဏ်ရာပေါ် လိမ်းပေးရင် အနာအကျက်မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁ဝ) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း။
မျှစ်စားခြင်းရဲ့ဆိုးကျိုးများ
မျှစ်ကို လူအများ အဆမတန်စားသုံးခြင်းကြောင့် ဝါးမျိုးများကို ပြုန်းတီးစေပြီး သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ပျက်စီးစေပါတယ်။ ဝါးတွေဟာ လေထုထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ၇၀% ကျော်ကိုစုပ်ယူပြီး လူတွေအသက်ရှူဖို့ သန့်စင်တဲ့ အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးတာကြောင့် ဝါးပင်တွေ ဝါးတောတွေ ရှင်သန်ဖြစ်ထွန်းနေဖို့ အရေးကြီးပါတယ်။
မျှစ်စားခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လျှော့ချပစ်တာကြောင့် အလွန်ပိန်လွန်းသူများ မျှစ်ကိုလုံး၀ မစားသုံးသင့်ပါ။
အထက်တွင်ဖော်ပြခဲ့သလို မျှစ်စားခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိသလို အလွန်အကျွံစားသုံးရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်စေပါတယ်။ ဥပမာ – ဝမ်းကို မှန်မှန်သွားစေတယ်လို့ ကောင်းကျိုးရှိပေမယ့် အလွန်အကျွံစားရင်တော့ ဝမ်းသွားပါလိမ့်မယ်။
အရေးအကြီးဆုံး အချက်လာပါပြီ။ မျှစ်အများစုဟာ စားတဲ့အခါမှာ တုံးကနဲ လဲသေလောက်အောင် အဆိပ်အတောက်မရှိပေမယ့် တရိရိသေစေနိုင်တဲ့ Cyanogenic glycoside လို့ခေါ်တဲ့ Cyanide (ဆိုက်ယာနိုက်) ဒြပ်တွေပါဝင်နေပါတယ်တဲ့။ အချို့မျှစ်တွေမှာတော့ ဒီ Cyanide (ဆိုက်ယာနိုက်) ဒြပ်ပေါင်းဟာ 300 mg HCN/100g fresh weight ပါဝင်နေတာကြောင့် တော်တော်လေးကို အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် တွေ့တဲ့မျှစ်တိုင်း အရမ်းမစားမိစေဖို့ အရေးကြီးပါတယ်။ အလွန်အကျွံမစားမိဖို့လည်း အရေးကြီးပါတယ်။
Credit – Zin Min Latt