အစာအိမ်ရောင်၍ဗိုက်အောင့်ခြင်း
===================
အစာအိမ် ရောင်၍ အောင့်ခြင်းသည် အလွန် အဖြစ်များသည်။ အစာအိမ်၏ အတွင်းနံရံများ ရောင်သော အခါ ဖြစ်ပွားသည်။ ၎င်းသည် များသောအားဖြင့် ပြင်းထန်လေ့မရှိဘဲ သူ့အလိုလို ပျောက်ကင်းနိုင်သည်။ သို့သော် အစာအိမ်ရောင်ခြင်းသည် ဝမ်းဗိုက်အပေါ် အလယ်ပိုင်းတွင် နာကျင်ခြင်း ဖြစ်စေပြီး အစာအိမ်အနာကို ဖြစ်စေသည်။ နေထိုင်မှု ပုံစံကို ပြောင်းလဲခြင်း နှင့် အလွယ်တကူဝယ်နိုင်သော အစာအိမ်ဆေးများက တခါတရံ လိုအပ်သမျှပင် ဖြစ်သည်။ အစာအိမ်အတွင်း အက်ဆစ်ပမာဏကို လျော့ချရန် အချို့ဆေးများလည်း လိုအပ်သည်။ အစာအိမ်ရောင်ခြင်းသည် မည်သည့်ပြဿနာမှ မဖြစ်ဘဲ ပျောက်ကင်းသွားနိုင်ပေသည်။ သို့သော် ကောင်းကောင်း မကုသပါက အစာအိမ်ရောင်ခြင်းသည် အစာအိမ် အနာ နှင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။
အူလမ်းကြောင်း နှင့် အစာချေခြင်းကို နားလည်ရန်
အစာများသည် အစာရေမျိုပြွန်မှတဆင့် အစာအိမ်ထဲသို့ ရောက်ရှိသည်။ အစာအိမ်သည် အစာများကို ချေဖျက်ရန်အတွက် အက်ဆစ်များကို ထုတ်ပေးသည်။ အစာအိမ်ထဲတွင် အစာများ ကောင်းစွာ မွေနှောက်ပြီးနောက် အစာများသည် အူသေးဦးပိုင်း (duodenum) သို့ ရောက်ရှိသည်။ ထို့နောက် အူသေးတစ်လျှောက်တွင် အစာများသည် အင်ဇိုင်း (enzymes) ဟုခေါ်သော ဓါတုပစ္စည်းများနှင့် ရောနှောသွားသည်။ အဆိုပါ အင်ဇိုင်းများသည် မုန့်ချိုအိတ် (pancreas) နှင့် အူသေးနံရံကိုကာထားသော ဆဲလ်များ ထံမှ ထွက်လာသည်။ အင်ဇိုင်းများသည် အစာများကို ချေဖျက်ပြီးနောက် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူသည်။ အစာအိမ်ရောင်ခြင်းဆိုတာဘာလဲ? အစာအိမ်ရောင်ခြင်းဆိုသည်မှာ အစာအိမ်အတွင်းဘက်နံရံများ ရောင်ရမ်းခြင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ နံရံများရောင်ရမ်းပြီး နာကျင်ခြင်းကို ဆိုလိုသည်။ ထိုသို့ ဖြစ်စေခြင်းမှာ ပိုးဝင်ခြင်းကြောင့်သော်လည်းကောင်း၊ ဓါတုဓါတ်ပြုခြင်း (ဥပမာ – ဆေးတစ်မျိုးမျိုးသောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း) ကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
အစာအိမ်ရောင်ခြင်းကို ဘယ်လောက် အတွေ့ရများသလဲ?
အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များသည်။ သို့သော် အစာအိမ်ရောင်ခြ င်းသည် များသောအားဖြင့် အပျော့စားသာ ဖြစ်ပြီး ကုသမှုမလိုဘဲ ပြန်ကောင်းနိုင်သည်။ ပြင်းထန် အစာအိမ်ရောင်ခြင်းများသည် ရှားပါးသည်။
ဘာတွေက အစာအိမ်ရောင်ခြင်းကို ဖြစ်စေသလဲ?
အစာအိမ်သည် ပုံမှန်အားဖြင့် အစာချေဖျက်ရန် နှင့် ပိုးမွှားများကို သတ်ရန်အတွက် အက်ဆစ်များကို ထုတ်ပေးသည်။ အဆိုပါ အက်ဆစ်သည် လောင် စားစေနိုင်သောကြောင့် အစာအိမ်နံရံအတွင်းရှိ အချို့ဆဲလ်များက အကျိချွဲ အကာကို ထုတ်ပေးသည်။ ထိုအရာက အစာအိမ်နံရံနှင့် အူသေးဦးပိုင်းကို ကာကွယ်ပေးသည်။ ပုံမှန်အားဖြင့် ထုတ်လုပ်သော အက်ဆစ် ပမာဏ နှင့် အကျိချွဲ အကာအရံမှာ မျှခြေ အနေအထားတွင် ရှိသည်။ အစာအိမ် ရောင်ခြင်းသည် ထိုမျှခြေ အနေအထား ပျက်စီးသွားသောအခါ အက်ဆစ်များက အစာနံရံကို ထိခိုက်စေခြင်းဖြင့် ဖြစ်ပွားသည်။ အစာအိမ်ရောင်ခြင်းဖြစ်စေသော အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည်။
အိတ်ချ် ပိုင်လိုရီ (Helicobacter pylori – H.pylori) ပိုးဝင်ခြင်း
အိတ်ချ် ပိုင်လိုရီ ပိုးကူးစက်ခံရခြင်းသည် အစာအိမ်အနာ ဖြစ်ပွားမှု ၁၀ ခု တွင် ၈ ခု ၏ လက်သည် ဖြစ်သည်။ လူတော်တော်များများသည် ၎င်းတို့ ဘဝတစ်သက်တာတွင် တစ်ချိန်ချိန်၌ အိတ်ချ် ပိုင်လိုရီပိုး ကူးစက်ခြင်း ခံရနိုင်သည်။ တစ်ခါကူးစက်ခံရပြီး မကုသပါက အဆိုပါပိုးသည် အသက်တာတလျှောက်လုံး များသောအားဖြင့် ကျန်နေပေလိမ့်မည်။ လူအတော်များများတွင် အဆိုပါပိုးသည် ပြဿနာ မဖြစ်စေဘဲ အစာအိမ် နှင့် အူသေးဦးပိုင်း နံရံများတွင် အန္တရာယ် မပြုဘဲ ရှိနေတတ်သည်။ သို့သော် အချို့လူများတွင် အဆိုပါပိုးသည် အစာအိမ်နှင့် အူသေးဦးပိုင်း အတွင်းနံရံများ ရောင်ရမ်းခြင်းကို ဖြစ်စေတတ်သည်။ အဆိုပါ ပိုးသည် အကျိချွဲ နံရံကာကို ပျက်စီးစေပြီး တစ်ခါတစ်ရံ အက်ဆစ်ကို ပိုထွက်စေခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို ဖြစ်စေသည်။
အကိုက်အခဲ ပျောက်ဆေးများ – ဥပမာ အက်စပရင်
အကိုက်အခဲပျောက်ဆေးများကို တစ်ခါတစ်ရံ အင်အက်အေအိုင်ဒီအက် (NSAIDs- non-steroidal anti-inflammatory drugs) ဟု ခေါ်လေ့ရှိသည်။ အမျိုးအစား နှင့် တံဆိပ် မျိုးစုံ ရှိသည်။ ဥပမာ – အက်စပရင် (aspirin) ၊ အိုင်ဗျူ ပရိုဖန် (ibuprofen)၊ ဒိုင်ကလိုဖန်းနက် (diclofenac) စသည်တို့ ဖြစ်သည်။ လူအတော်များများသည် အကိုက်အခဲပျောက်ဆေးများကို အဆစ်အမြစ်ရောင်ခြင်း၊ ကြွက်သားရောင်ခြင်း စသည်တို့ကြောင့် သောက်သုံးကြသည်။ အက်စပရင်ကိုမူ သွေးကြောအတွင်း သွေးခဲခြင်းမှ ကာကွယ်ရန်အတွက်သာ အဓိက သုံးစွဲကြသည်။ သို့သော် အဆိုပါဆေးများသည် အစာအိမ်၏ အကျိချွဲ နံရံကို ထိခိုက်စေပြီး အက်ဆစ်များက အနာဖြစ်စေသည်။ အစာအိမ်အနာ ဖြစ်သော ဆယ်ယောက်တွင် နှစ်ယောက်ခန့်သည် အဆိုပါဆေးများကြောင့် ဖြစ်စေသည်။
အခြားဖြစ်စေသော အကြောင်းရင်းများ
စိတ်ဖိစီးမှု များခြင်း – ဥပမာ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခြင်း၊ ဆိုးရွားစွာ နာမကျန်းဖြစ်ခြင်း၊ ခွဲစိတ်မှု အကြီးစား ပြုလုပ်ခြင်း။ စိတ်ဖိစီးမှု နှင့် ဆိုးရွားစွာ နာမကျန်းခြင်းသည် မည်သည့်အတွက်ကြောင့် အစာအိမ်ရောင်ခြင်း ဖြစ်စေသည်ကို သေချာ မသိသေးချေ။ သို့သော် အစာအိမ်နံရံများသို့ သွေးသွားလာမှုနည်းခြင်းကြောင့် ဖြစ်မည်ဟု ယူဆရသည်။
အခြားအဖြစ်နည်းသော အကြောင်းအနေဖြင့် မှားယွင်း ခုခံအား တုန့်ပြန်မှု (autoimmune) ကြောင့် ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ ခုခံအားစနစ်သည် ခန္ဓာကိုယ်ရှိ ကိုယ်ပိုင် ဆဲလ် နှင့် တစ်သျှူးများကို မှားယွင်းတိုက်ခိုက်ခြင်း ဖြစ်သည်။ အစာရောင်ခြင်းတွင် အစာအိမ်နံရံကို မှားယွင်း တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆိုပါအခြေအနေသည် မှားယွင်းခုခံအား တုန့်ပြန်မှု ရှိသော ဆီးချိုအမျိုးအစား အမှတ် တစ် နှင့်ဟာရှီမိုတို သိုင်းရွိုက် ဂလင်းရောင်ခြင်း စသော အခြေအနေများတွင် ဖြစ်ပွားသည်။ အခြားအစာအိမ်ရောင်စေသော အကြောင်းများမှာ ကိုကင်း စွဲခြင်း နှင့်အရက်ကို အလွန်အကျွံ သောက်ခြင်းတို့ကြောင့် ဖြစ်နိင်သည်။ တစ်ခါတစ်ရံ အိတ်ချ်ပိုင်လိုရီ ပိုးထက် ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ၊ မှိုပိုးများ နှင့် ဘက်တီးရီးယားများက လက်သည် ဖြစ်နိုင်သည်။
အစာအိမ် ရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?
အစာအိမ်ရောင်သောသူများစွာတွင် ရောဂါလက္ခဏာ မရှိတတ်ချေ။ သို့သော် အစာအိမ်ရောင်ခြင်းကြောင့် အစာမကျေခြင်းကို ဖြစ်စေနိုင်သည်။
အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် ထဖြစ်နိုင်သလို ကာလကြာရှည်စွာ ဖြည်းဖြည်း ခြင်းလည်း ဖြစ်လာနိုင်သည်။
ဝမ်းဗိုက်အပေါ်ဘက် ရင်ညွန့်ရိုးအောက်နားတွင် နာ၍ အောင့်ခြင်းသည် အဓိက အဖြစ်များသော ရောဂါလက္ခဏာ ဖြစ်သည်။ များသောအားဖြင့် ဖြစ်လိုက် ပျောက်လိုက် ပင်ဖြစ်သည်။ အစာအိမ် အက်ဆစ်ပျော်ဆေး(antacid) များ စားလိုက်လျှင် သက်သာပေသည်။ တစ်ခါတစ်ရံ အစာ စားလျှင် ပိုဆိုးပေသည်။ နာသောကြောင့် အိပ်ပျော်နေရာမှ နိုးလာခြင်းလည်း ဖြစ်နိုင်သည်။
အခြားဖြစ်နိုင်သော ရောဂါလက္ခဏာများမှာ အစားအသောက်ပျက်ခြင်း၊ လေထခြင်း၊ မအီမသာ ဖြစ်ခြင်း နှင့် အော့အန်ခြင်းတို့ ဖြစ်သည်။ အစာစားပြီးလျှင် ဗိုက်ပြည့်သွားသောခံစားမှုမျိုးလည်း ရှိနိုင်သည်။
ဝမ်းဗိုက်အပေါ်ဘက် အလယ်တွင် အောင့်ခြင်းက အခြားဘာဖြစ်နိုင်သလဲ?
ထိုသို့ နာ၍ အောင့်ခြင်းသည် အစာအိမ်ရောင်သောကြောင့် ဖြစ်သည်ဟု အမြဲတမ်း မယူဆထားသင့်ချေ။ ထိုသို့ နာကျင်ခြင်းသည် အစာအိမ်အနာ၊ အထိအခိုက်လွယ်သော အူလမ်းကြောင်းရောဂါ လက္ခဏာစု (irritable bowel syndrome) စသည့် ရောဂါပေါင်း မြောက်မြားစွာကြောင့်လည်း ဖြစ်နိုင်သည်။ အောက်ပါတို့ဖြစ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
– ဝမ်းဗိုက်တွင် ဆိုးဆိုးရွားရွား အောင့်ခြင်း (သို့) နေထိုင် မကောင်းခြင်း
– တစ်ပတ်ကျော်ကြာအောင် ဗိုက်အောင်ခြင်း (သို့) အစာမကျေခြင်း
– အစာအိမ်ရောင်ခြင်းသည် ဆေးတစ်မျိုးမျိုး စသောက်ပြီးနောက် ဖြစ်ခြင်း
– ကော်ဖီရောင်များ (သို့) သွေးများ အန်ခြင်း – ဝမ်းသွားလျှင် သွေးပါခြင်း ( အစာအိမ်ထွက်သော သွေး သည် မစင်ကို အမဲရောင်ဖြစ်စေသည်)
– ဝိတ်ချခြင်း မဟုတ်ဘဲ သိသိသာသာ ပိန်သွားခြင်း
ဘယ်လို စစ်ဆေးမှုတွေကို လုပ်ရမလဲ?
ဆရာဝန်တစ်ယောက်သည် လူနာ၏ ရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ လူနာ၏ ဝမ်းဗိုက်ကို စမ်းသပ်ခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို များသောအားဖြင့် ရောဂါသတ်မှတ်နိုင်သည်။ အစာအိမ်ရောင်ခြင်း အပျော့စာများသည် မည်သည့် စမ်းသပ်စစ်ဆေးမှုမျှ မလိုချေ။
အကယ်၍ အစာအိမ်ရောင်ခြင်းသည် မြန်မြန် မပျောက်လျှင် (သို့) အလွန်ဆိုးရွားလျှင် ဆရာဝန်သည် အချို့စစ်ဆေးမှုများကို လုပ်ပေလိမ့်မည်။ အစာအိမ်ရောင်ခြင်းကြောင့် အစာအိမ်နံရံမှ သွေးထွက်သဖြင့် ဆရာဝန်က သွေးအားနည်းခြင်း ရှိ၊ မရှိ သွေးစစ်ပေလိမ့်မည်။
အစာအိမ်တွင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းသည် အစာအိမ်ရောင်ခြင်းကို သေချာစေသော စစ်ဆေးမှုဖြစ်သည်။ ထိုစစ်ဆေးမှုတွက် ဆရာဝန်က သေး၍ ကွေးဆန့်နိုင်သော မှန်ပြောင်းရှည်ဖြင့် အစာရေမျိုပြွန်မှတဆင့် အစာအိမ်အတွင်း ဝင်ရောက်ကြည့်ရှုသည်။ ထို့ကြောင့် သူတို့သည် အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းတို့ကို မျက်စိဖြင့် မြင်နိုင်သည်။ ထိုသို့ မှန်ပြောင်းဖြင့် စစ်ဆေးစဉ်အတွင်း အသားစနမူနာ အနည်းငယ်ကို အစာအိမ်နံရံမှလည်း ယူနိုင်သည်။ ၎င်းအသားစများကို ဓါတ်ခွဲခန်းသို့ ပို့၍ အနုကြည့် မှန်ဘီလူးအောက်တွင် စမ်းသပ်စစ်ဆေးသည်။ ထို့ကြောင် ကင်ဆာ ဟုတ်၊မဟုတ် ကိုလည်း စစ်ဆေးအဖြေရှာနိုင်ပေသည်။
အိတ်ချ် ပိုင်လိုရီ ပိုး ရှိ၊ မရှိ ကိုလည်း စမ်းနိုင်သော စစ်ဆေးမှုများရှိသည်။ အိတ်ချ်ပိုင်လိုရီပိုးကို ဝမ်းနမူနာ အနည်းငယ်မှသော်လည်းကောင်း၊ ရှုထုတ်သော လေမှသော်လည်းကောင်း၊ သွေးမှသော်လည်းကောင်း၊ မှန်ပြောင်းကြည့်စဉ် ရသော အသားစနမူနာမှသော်လည်းကောင်း ရှာဖွေနိုင်သည်။ ဆေးမျို၍ အစာအိမ်ဓါတ်မှန်ရိုက်ခြင်းသည် အစာအိမ် အနာများကို တွေ့စေနိုင်သော်လည်း မှန်ပြောင်းဖြင့် စစ်ဆေးခြင်းထက် မတိကျချေ။
အစာအိမ်ရောင်ခြင်းအတွက် ကုသမှုတွေက ဘာတွေလဲ?
အကယ်၍ လူတစ်ယောက်သည် အစာမကြေခြင်း၊ အစာအိမ်နာခြင်း ရှိလျှင် အောက်ပါအတိုင်း စားသောက်မှုပုံစံ နှင့် နေထိုင်မှု ပုံစံကို ပြောင်လဲခြင်းဖြင့် ဦးစွာပထမ ကုသနိုင်သည်။
– အစာကို နည်းနည်း နှင့် မကြာခဏစားခြင်း
– အစာအိမ်ကို ထိခိုက်စေသော အစာများကို ရှောင်ခြင်း – ဥပမာ ပူစပ်သောအစာများ၊ အက်ဆစ်ဓါတ်များသော အသီးဖျော်ရည်များ၊ အဆီများသော အစာများ
– အရက်ကို ရှောင်ခြင်း
– စိတ်ဖိစီးမှုကို လျော့ချခြင်း
အကယ်၍ အစာအိမ်ရောင်ခြင်းသည် အကိုက်အခဲပျောက်ဆေးများကြောင့် ဖြစ်သည်ဟု ယူဆပါက အခြားမတူသော အနာသက်သာဆေး အမျိုးအစားကို ပြောင်းသုံးသင့်သည်။ ဥပမာ -ပါရာစီတမောလ်။ လိုအပ်ပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
အက်ဆစ်ကို တားသော ဆေးများ
အက်ဆစ်ခြေဆေး များသည် အစာအိမ်တွင် အက်ဆစ်ပမာဏကို နည်းစေပြီး အစာအိမ်ရောင်ခြင်းကို သက်သာစေသည်။
ထိုဆေးများဖြင့် မလုံလောက်ပါက အိတ်ချ်တူး ပိတ်ဆေး (H2 blocker) ဥပမာ- ရန်နန်တဒင်း (ranitidine) ကဲ့သို့သော ဆေးဝါးများကို သုံးပေလိမ့်မည်။ အဆိုပါဆေးက အစာအိမ်နံရံတွင် အက်ဆစ်ထုတ်လုပ်ခြင်းကို နည်းပါးစေသော နည်းလမ်းတစ်မျိုးဖြင့် အလုပ်လုပ်ပေသည်။
အခြားသုံးနိုင်သော ဆေးနောက်တစ်မျိုးမှာ ပရိုတွန် ပြွန်ပြိ်တ်ဆေး (proton pump inhibitor – PPI (ပီပီအိုင်)) ဟု ခေါ်သော ဆေးတစ်မျိုးဖြစ်သည်။ ဥပမာ – လန်ဇို ပရာဇော (lanzoprazole) ၊ အိုမီ ပရာဇော (omeprazole) ။ အဆိုပါ ပီပီအိုင်ဆေးများသည် အစာအိမ်နံရံရှိ ဆဲလ်များမှ အက်ဆစ်ထုတ်လုပ်မှုကို လျော့ကျစေခြင်းဖြင့် အလုပ်လုပ်သည်။
အစာအိမ်ရောင်ခြင်းသည် အိတ်ချ် ပိုင်လိုရီ ပိုးကြောင့် ဖြစ်သည်ဟု ဆိုလျှင်
စစ်ဆေးမှုများက အိတ်ချ်ပိုင်လိုရီ ပိုး ကူးစက်ခံရသည်ဟု ပြညွှန်လျှင် ကုသမှု၏ အဓိကအပိုင်းမှာ ထိုပိုးကို ရှင်းလင်းဖယ်ရှားရန် ဖြစ်သည်။ ထိုသို့ ရှင်းလင်းမဖယ်ရှားပါက အက်ဆစ်တားဆေးများကို သောက်သုံးခြင်းကို ရပ်တန့်လိုက်သည်နှင့် အစာအိမ်ရောင်ခြင်းသည် ပြန်ဖြစ်လာပေလိမ့်မည်။ အိတ်ချ်ပိုင်လိုရီပိုးကို ရှင်းလင်းဖယ်ရှားရန် ပိုးသတ်ဆေး နှစ်မျိုးလိုအပ်သည်။ ထို့ပြင် အစာအိမ်အတွင်း အက်ဆစ်ပမာဏကို လျော့ချရန် အက်ဆစ်တားဆေး များကိုလည်း သောက်ရန် လိုအပ်သည်။ အကြောင်းမှာ ပိုးသတ်ဆေးများ ကောင်းကောင်း အလုပ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။ ထိုသို့ ပေါင်းစပ် ကုထုံးကို တစ်ပတ်ကြာအောင် သောက်ရမည်။ ဆေးတစ်ပတ်လည်လျှင် ဆယ်ယောက်တွင် ကိုးယောက် မှာ အိတ်ချ်ပိုင်လိုရီပိုးကို ဖယ်ရှားနိုင်သည်။ အိတ်ချ် ပိုင်လိုရီ ပိုးကို ဖယ်ရှားပြီးပါက အစာအိမ်အနာပြန်ဖြစ်နိုင်ချေသည် သိသိသာသာ နည်းသွားပေလိမ့်မည်။ သို့သော် အချို့လူများတွင် အိတ်ချ်ပိုင်လိုရီကူးစက်ခြင်းသည် များမကြာမီ ပြန်ဖြစ်တတ်သည်။
အကယ်၍ အစာအိမ်ရောင်ခြင်းသည် အကိုက်အခဲပျောက်ဆေးများကြောင့် ဖြစ်သည်ဟု ဆိုလျှင်
ဖြစ်နိုင်လျှင် ကိုက်ခဲပျောက်ဆေးများ သုံးခြင်းကို ရပ်ပစ်သင့်သည်။ ထိုသို့လုပ်ခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို ပြန်ကောင်းစေသည်။ ထို့ပြင် အက်ဆစ်တားဆေးများကိုလည်း ရက်သတ္တပတ် တော်တော်ကြာအောင် သောက်ရပေလိမ့်မည်။ ဤသို့ လုပ်ခြင်းဖြင့်လည်း အစာအိမ်မှ အက်ဆစ်အထွက်နည်းစေပြီး အစာအိမ်ရောင်ခြင်းကို ပြန်ကောင်းစေသည်။ သို့သော် အချို့အခြေအနေများတွင်မူ ကိုက်ခဲပျောက်ဆေးများကို အဆစ်ရောင်ရောဂါအတွက်၊ အက်စပရင်ဆေးကို သွေးမခဲစေရန် အတွက် ဆက်သုံးရန်လိုပေသည်။ ထိုအခြေအနေမျိုးတွင် အက်ဆစ်တားဆေးများကို နေ့တိုင်း သောက်သုံးနေရန်ပင်ဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် အစာအိမ်တွင် အက်ဆစ်ပမာဏလျော့နည်းစေပြီး အစာအိမ်ရောင်ခြင်း ပြန်ဖြစ်ရန် အခွင့်အလမ်းကို များစွာလျော့ကျစေသည်။
အစာအိမ်ရောင်ခြင်းရဲ့ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ?
အစာအိမ်ရောင်ခြင်းသည် များသောအားဖြင့် နောက်ဆက်တွဲ ဆိုးကျိုးမရှိဘဲ ပြန်ကောင်းသွားလေ့ရှိသည်။ တစ်ခါတစ်ရံ အစာအိမ်ရောင်ခြင်းသည် အစာအိမ်အနာကို ဖြစ်စေပြီး အနာ၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဆက်ဖြစ်လာစေသည်။ အစာအိမ်နံရံမှ သွေးစိမ့်ထွက်ခြင်းလည်း ဖြစ်နိုင်ပြီး သွေးအားနည်းလာနိုင်စေသည်။
အစာအိမ်ရောင်ခြင်းရဲ့ ရေရှည်ရလဒ်က ဘယ်လိုလဲ?
လူအများစုတွင် အစာအိမ်ရောင်ခြင်းသည် မပြင်းထန်ဘဲ မြန်မြန်ဆန်ဆန်ပင် သက်သာလာသည်။ ဖြစ်စေသော အကြောင်းရင်းကို မကုသလျှင် ရလဒ်သည် ပိုဆိုးနိုင်သည်။ ဥပမာ အရက်ကို အလွန်အကျွံ ဆက်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးများကို ရက်မပစ်ဘဲ ဆက်သောက်ခြင်းတို့သည် အစာအိမ်ရောင်ခြင်းကို ပိုဆိုးစေပြီး သက်သာမှု မရှိနိုင်ချေ
မေတ္တာ ဖြင့်
သွန်းမဟော်
Credit