Durian ဒူးရင်းသီးနဲ့ ကျန်းမာရေး
ဆရာ သစ်သီးဆို အကုန်စားလို့ရလားဆရာ။ ဥပမာ ဒူးရင်းသီးပါဆရာ။ ကိုယ်ဝန်က ၂ လပါဆရာ။
ဒူးရင်းသီးကိုတော့ သတိထားသင့်ပါတယ်။ သုတေသနတော့ ကောင်းကောင်းမတွေ့ပေမယ့် လူပြောများတယ်။ အဲလိုရေးပြီး လိုက်ရှာရပါတယ်။ ဒူးရင်းသီးကို King of Fruits သစ်သီးတွေရဲ့ဘုရင်လို့လည်းခေါ်ကြတယ်။ ဒူးရင်းသီးကောင်းတာ၊ ကြိုက်ကြတာတွေတော့ မရေးလိုပါ။ ကျန်းမာရေးဒေါင့်နေသာရေးပါရစေ။ ဒူးရင်းသီးထဲမှာ (သကြား + ဗီတာမင် (စီ) + ပိုတက်ဆီယမ် + အမိုင်နိုအက်စစ်) တွေပါတယ်။ စားရင် (ကာဗွန်ဟိုက်ဒရိတ် + ပရိုတင်း + အဆီဓါတ်) တွေရစေမယ်။ တချို့နိုင်ငံတွေ ဥပမာ မလေးရှားမှာ အရွက်နဲ့အမြစ်ကို ကိုယ်ပူကျဆေးအနေနဲ့သုံးတယ်။ အရွက်ကို ဖျားနေသူရဲ့နဖူးမှာ ကပ်ရတယ်။ ၁၉၂ဝ တုံးက နယူးယောက်မှာ Durian Fruit Products, Inc. ကုမ္ပဏီကနေ Dur-India ဆိုပြီး ဒူးရင်း စားသောက်ကုန်တွေ ရောင်းတယ်။ ဆေးရည်နဲ့ စားဆေးတွေဖြစ်တယ်။
ဒူးရင်းသီးကို ဘီယာနဲ့ရောရင် လေပွမယ်၊ အစာမကျေဖြစ်မယ်၊ အနေရခက်မယ်၊ လွန်ကဲရင် သေနိုင်တယ်လို့ ဖတ်ရတယ်။ ဘာလို့ဖြစ်ရသလည်း ကိုယ်ခန္ဓာကနေ ဒူးရင်းသီးနဲ့ ဘီယာ၊ အရက်မှာပါတဲ့ အဆီနဲ့ သကြားဓါတ်တွေအတွက် အလုပ်ပိုတွေ လုပ်ပေးရလို့ဖြစ်တယ်။ ဒူးရင်းသီးထဲမှာ ဆာလ်ဖါ ကန့်ဓါတ်လည်း ပါတယ်။ Diethyl disulfide ဖြစ်တယ်။ ဒီဓါတ်ကနေ အရက်ရဲ့ ကျေချက်မှုဖြစ်စဉ်ကို တားတယ်။ ခေါ်တဲ့ အရက်သောက်ပြီးဖြစ်လာတဲ့ လက္ခဏာတွေကို လွန်ကဲစေတယ်။
ကိုလက်စထော အဆီဓါတ်တော့ ထူးပြီးမများစေပါ။ သူ့ထဲကအဆီဟာ Monounsaturated fats အမျိုးအစားသာဖြစ်လို့ ကျန်းမာရေးအတွက် မစိုးရိမ်ရပါ။ အစားများသူတွေ ခါးတုတ်လာနိုင်တယ်။ ဒူးရင်းသီး တလုံးကနေ ကယ်လိုရီ ၈၈၅ ကနေ ၁၅ဝဝ အထိရစေမယ်။ ကိုယ်အလေးချိန်တက်စေမယ်။ ဒူးရင်သီး ၁ ကေဂျီလေးတာကနေ ကယ်လိုရီ ၁၃၅ဝ ရမယ်။ တနေ့မှာ ကယ်လိုရီ ၂ဝဝဝ လိုသူအတွက် ၆၈% ရသွားပြီဖြစ်တယ်။
ဒူးရင်းသီးစားတာကနေ ခွန်အားကိုချက်ချင်းပေးတယ်။ အာဟာရဓါတ်ကြွယ်ဝတယ်။ ပိုတက်ဆီယမ်၊ ဖိုက်ဘာ၊ သံဓါတ်၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီအုပ်စုတွေပါတယ်။ ၆ဝ၂ ဂရမ်လေးတဲ့ ဒူးရင်းသီး သိပ်မကြီးတာတလုံးကနေ ကလိုရီ = 885 ရမယ်၊ အဆီစုစုပေါင်း =32.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ဆိုဒီယမ် = 13mg (မများပါ) ရမယ်၊ ကာဗွန်ဟိုက်ဒရိတ်စုစုပေါင်း = 163.1g (တနေ့တာရဲ့ ၅ဝ%) ရမယ်၊ ပရိုတင်း = 8.8g ရမယ်။ လူတယောက်ရဲ့ တနေ့တာလိုအပ်ချက်ရဲ့ ဗီတာမင်စီရဲ့ 198% ရမယ်၊ သံဓါတ်ရဲ့ 14% ရမယ်၊ ဗိတာမင်အေရဲ့ 5% ရမယ်၊ ကယ်လ်စီယမ်ရဲ့ 4% ရတာဖြစ်တယ်။
ဆီးချိုရှိသူတွေ အကန့်သတ်နဲ့သာ စားသင့်တယ်။ လိင်စိတ်ကဲစေမယ်ဆိုတာ မမှန်ပါ။ ဒူးရင်သီးက စွဲစေတဲ့အစားအစာ ဖြစ်တယ်။ အရက်သမား၊ မူးယစ်ဆေးသမားတွေလိုပဲ စားချင်နေမယ်။ တရုပ်အယူအဆမှာ ဒူးရင်းသီးက အအေးစာ ဖြစ်တယ်၊ အပူသက်သာစေမယ်ဆိုတာ မမှန်ပါ။ ဗမာတွေက တက်စာလို့ ပြောတယ်။ ခက်တာက တက်တယ်ဆိုတာ တနေရာမှာ တမျိုးပြောကြတယ်။ စကားနောက်တရားပါ ဖြစ်တတ်တယ်။ ကျန်းမာရေးသတိပေးချက်တွေ မစုံသေးပါ။
ဒေါက်တာတင့်ဆွေ