ဒညင်းသီးရဲ့ ဆိုးကျိုးများ (ဒညင်းသီးနဲ့ ကျောက်ကပ်)
***********************************
ကိုနေမင်းထွန်းက ဒညင်းသီးအကြောင်းမေးထားလိုတင်ပေးလိုက်ပါတယ်
ကျနော်တို့ မြန်မာနိုင်ငံသူ/သားများဟာ ဒညင်းသီးကို နှစ်ခြိုက်စွာပဲ စားသုံးကြပါတယ်။
အထက်ပိုင်းဒေသတွေနဲ့ အချို့နယ်များမှာဆို ပိုလို့တောင် စားသုံးကြတာပါ။ ဒညင်းသီး
အကြောင်း ဆောင်းပါးအတိုလေး တပုဒ်ကို ဖတ်မိသဖြင့် ကျနော်လဲ ကျနော် ကြုံခဲ့ဖူးသမျှ
ကို မျှဝေချင် သိစေချင်တာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်လိုက်တာပါ။
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာတော့ ရှိစမြဲပဲလေ။ ဒညင်းသီးဟာဆိုရင်
ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီး များနေတယ် ဆိုတာကို ကြုံခဲ့ရ ခံခဲ့ရတာတွေက
သက်သေလို ဖြစ်နေပါတယ်။
ကျနော် ဖတ်လိုက်ရတဲ့ ဆောင်းပါးတိုလေးထဲမှာ- တညင်းသီးမှာ ပါတဲ့ အဆိပ်ဟာ ဝ.၃ %
ကနေ ၁.၃% အထိ ပါဝင်ပါတယ်။ ကျောက်ကပ်၂.ခု စလုံးကို ပျက်စီးစေပြီး အသက်ကို ပါ သေစေနိုင်တဲ့အထိတောင် ဖြစ်ပွားနိုင်ပါတယ်။ ဒညင်းသီးရဲ့အဆိပ်ဟာ ရေထဲမှာတောင်
အနည်းငယ် ပျော်ဝင်စေနိုင်တဲ့ အဆိပ်ဖြစ်ပါတယ်။ ဒါကြောင့် ရေနဲ့ပြုတ်ရင် တကြိမ်တည်းနဲ့
မလုံလောက်ပဲ အနည်းဆုံး ၃.ကြိမ်ကနေ ၅.ကြိမ်အထိ ရေများများနဲ့ ပြုတ်ရပါမယ်။ ပြုတ်ပြီး
တဲ့ ရေကို သွန်ပြီး နောက်ထပ် ရေအသစ်နဲ့ ထပ်ပြုတ်ရပါမယ်။
ရေဆူမှတ် ၁၀၀’C သာ ရှိတာကြောင့် မီးဖုတ်စားရင် အဆိပ်ဓာတ်ကို မပြယ်စေနိုင်ပါဘူး။
၁၀၀%ကတော့ ဒုက္ခပေးပါတယ်။ ဒညင်းသီးစားရင် ဆားရည်မှာ ကြာကြာစိမ်စားရင်တော့
အဆိပ်ကို လျှော့စေနိုင်ပါတယ်။ ကဲ…ဘယ်လိုပဲ ဖြစ်ဖြစ် ဒညင်းသီးကို လျှော့စားတာ
အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လို့ ရေးတဲ့သူက ဆိုထားပါတယ်။
ဒီစာလေးကို ဖတ်မိပြီး ကျနော်လဲ အသိပေး မျှဝေချင်လာတဲ့အတွက် ကျန်းမာရေးဗဟုသုတ
ရှာလိုသူများအတွက် ဆင်ခြင်နိုင်မယ့် အသိလေးတခု ရသွားရင်ပဲ ကျန်းမာရေးကုသိုလ်တမျိုး
ရပြီလို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။ ကျနော်ဆိုရင် ငယ်စဉ်ထဲက ဆီးလဲ သိပ်မကောင်းပါဘူး။
ဒါပေမဲ့ ငရုပ်သီးစိမ်းချက်နဲ့ အတို့အမြှုတ် အားလုံးနဲ့ ဒညင်းသီးကိုလည်း အသေကြိုက်တာပါ။
ဘယ်လောက်အထိ ကြိုက်သလိုဆိုရင် ငယ်စဉ်က ဒညင်းသီးအလုံးအသေးဆိုရင် တလုံးကို
ထမင်းတလုပ်ပဲ စားပစ်တာပါ။ နောက်တခါ ဒီလိုစားလို့ အားမရသေးပဲ ဒညင်းသီးကို နူးပြီး
စီးနေအောင်ပြုတ်ပြီး ပါးပါးလှီး၍ ကြက်သွန်နဲ့ အသုတ်လို သုတ်စားတဲ့အထိ စားခဲ့တာ။
နည်းနည်းကြီးလာတော့ မန္တလေးမှာ မြစ်ကြီးနားဘက်က လာတဲ့ ဒညင်းသီး အလုံးလှလှ
အကြီးကြီးများကိုလည်း တခြမ်းကို တလုပ်ပဲစားပစ်တာ။ ခရမ်းချဉ်သီး ငါးပိချက်နဲ့ပေါ့။
ငါးပိချက်ကိုလည်း ငရုပ်သီးက ရဲသလဲနေပြီး ပူစပ်နေအောင် ချက်ထားမှ ကြိုက်တာလေ။
အဲဒီလို ချက်ထားတာတောင် အားမရပဲ တခါတလေ အတောင့်လိုက် ကိုက်စားပစ်သေးတာ။
အဲဒီလို စားလာရင်း မကြာပါဘူး။ ဆီးအောင့်လာပြီး ဆီးသွားရင် သွေးတွေ အတန်းလိုက်ပါ
လာပါရော။ ဆီးဆေးလေးသောက်ရင် သက်သာသလို ရှိပေမယ့် အစားကတော့ မပျက်ခဲ့ဘူး။
ငယ်သေးတော့ ဘာ့ကြောင့်ရယ်လို့ မစဉ်းစားသေးဘူးပေါ့။ ငရုပ်သီး အစားများလို့ ငရုပ်သီး
ကြောင့်တခုပဲ တွေးမိခဲ့တာ။ ငရုပ်သီးကိုတော့ နည်းနည်းလျော့စားခဲ့တယ်။ ဒညင်းသီးကို
အစားမပျက်ခဲ့ဘူး။
တနေ့မှာ လဘက်ရည်သောက်နေရင်း ခါးပိုင်းကနေ မီးပူနဲ့ ထိုးသလို ထိုးအောင့်လာပြီး
ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်လာလို့ ဆေးခန်းကို ပြေးတယ်။ ဆရာဝန်က ဆေးထိုးပေးပေမယ့်
အောင့်တာက မသက်သာဘူး။ လူးလှိမ့် ခံရတာ။ မီးပူနဲ့ထိုးသလိုပါပဲ။ အဲဒါနဲ့ ဆေးခန်းက
ပြန်လာရင်း မခံနိုင်တာနဲ့ လမ်းကပဲ ဆေးရုံကို ဆက်သွားခဲ့ရတယ်။ ဆေးရုံရောက်လို့
နာ့စ်ယောကျ်ား (ကိုမောင်မောင်)ဆိုသူက လူးလှိမ့်အော်ဟစ်နေတာကို မြင်တော့ ဗာရာဂျင်
ဆိုတဲ့ ဆေးတလုံး ထိုးပေးလိုက်တော့မှ ၁၅.မိနစ်လောက်အကြာမှာ သက်သာသွားတယ်။
သူကတော့ ပြောပါတယ်။ ဒီဆေးက ခဏခဏထိုးလို့ မကောင်းဘူး။ ပူစပ်တဲ့ အစားအစာနဲ့
ဒညင်းသီး လျော့စားဖို့ပဲ မှာလိုက်တယ်။ ဆီးနဲ့ကျောက်ကပ် ပါရဂူကြီး ပြောတာကတော့
ကျောက်ကပ်ရောင်တာတဲ့လေ။
အဲဒီမှာ အသိတခု ထပ်ရလိုက်တာက ကျောက်ကပ်ရောင်တဲ့အကြောင်းကို အသိဘုန်းကြီး
တပါးက သိသွားတဲ့အခါမှာ “အေး မင်း အဲဒါဆိုရင် နောက်ကို ရေခဲရေ အေးနေတာကို ဘယ်
တော့မှ မသောက်နဲ့ သောက်ရင်တော့ မင်းအသက် ရှည်မှာမဟုတ်ဘူး”လို့ ပြောလိုက်တယ်။
အဲဒါကို သိပ်မယုံလို့ ရေခဲရေ သောက်ကြည့်တယ်။ သိပ်အေးတဲ့ အချိုရည်များကိုလဲ သောက်
ကြည့်တယ်။ သူပြောတာ မှန်တယ်။ အေးတဲ့ရေကို သောက်လိုက်မိတာနဲ့ ခါးက အောင့်လာ
တာပဲ။ အဲဒီထဲက အေးတဲ့ရေကို ထပ်ရှောင်နေလိုက်ရပြန်တယ်။
အဲဒီလို အသိနဲ့ပဲ သြစတေးလျမှာနေတဲ့ အသိ အန်တီကြီးတယောက်ရဲ့သားမှာ ကျောက်ကပ်
ရောဂါဖြစ်နေလို့ ကျောက်ကပ်ဆေးရမယ် ပြောလို့ မဆေးဖို့ အကြောင်းနဲ့ အေးတဲ့ရေများကို
မသောက်ဖို့ အတန်တန် မှာလိုက်လျက်နဲ့ သူ့သားက ဆရာဝန်ဆိုတော့ ဒါတွေကို လက်မခံဘူး လားမသိဘူး။ ရေခဲသေတ္တာထဲက ရေမှ သောက်နေကျလဲ ဖြစ်နေ၊ ကျောက်ကပ်ကိုလဲ ဆေး
လိုက်တဲ့အခါမှာ သိပ်မကြာပါဘူး။ ဆုံးသွားပြီဆိုတာ ကြားလိုက်ရတယ်။
ထိုနည်းတူပဲ တောနယ်ဘက်က အသိဘုန်းကြီးတပါးရဲ့အကို ဦးလေးကြီးတဦး ဆိုရင်လဲ
စာရေးသူကို သူက ဒညင်းသီး အဝယ်ခိုင်းလို့ သုံးပိဿာ ဝယ်ပေးလိုက်တာ။ အဲဒီ ဒညင်းသီး
သုံးပိဿာကို အခြား ညီအကိုမောင်နှမ နှစ်အိမ်ကို ဆယ်လုံးစီလောက်ပဲ ပေးပြီး သူ့မိသားစုပဲ စားပစ်လိုက်တာ လေးငါးရက်နဲ့ ပြောင်သွားတယ်တဲ့။ သူက အများဆုံး စားတဲ့သူမို့ သိပ်
မကြာလိုက်ဘူး။ အဲဒီ သန်သန်မာမာ ကျန်းမာနေတဲ့ ဦးလေးကြီးဟာ တလလောက်အကြာ
မှာ ကျောက်ကပ် ပျက်စီးပြီး ဆုံးသွားတယ်လို့ သိရပြန်တယ်။
အဲဒီ ဦးလေးကြီးရဲ့တူဆိုရင်လည်း ဒညင်းသီး ဆားရည်စိမ်ကို တနေ့ကို ၁၂.လုံးကနေ ၁၅.
လုံးလောက်အထိ စားဖန်များလာတဲ့အခါမှာ ရင်ထဲမှာ ကြပ်လာပြီး ဆို့တစ်တစ်နဲ့ အသက်ရှူ
ကြပ်တာ ခဏခဏဖြစ်လို့ ”ကိုယ့်လူ အသက်ရှည်ချင်ရင်တော့ ဒညင်းသီးကို အဲဒီလို မစားပဲ
လျော့စားတာ ကောင်းလိမ့်မယ်လို့” သတိပေးမှလျာ့စားလိုက်လို့ နောက်ထပ် မဖြစ်တော့ပဲ
ကောင်းသွားခဲ့ပါတယ်။ ဒညင်းသီး ဆားရည်စိမ်ရဲ့အရည်ကို သောက်ရင် ဆီးကျင်တာ
ပျောက်တယ်လို့ ဆိုကြပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆီးကျင်တာ ပူတာအတွက်
လွယ်ကူတဲ့ တခြားနည်းတွေ များစွာပဲရှိပါတယ်။
အဲဒီတော့ ဒညင်းသီးရဲ့ဆိုးကျိုးများဟာ အင်မတန်မှ ကြောက်စရာကောင်းတာ အမှန်ပါပဲ။
တနေ့ကို လေးငါးလုံးမျှ သာမန် စားရုံနဲ့တင် ဆီးသွား ဝမ်းသွားတဲ့အခါမျိုးနဲ့ ချွေးနံ့များပင်
အနံ့က အတော်လေး ဆိုးဝါးလွန်းတယ်ဆိုတာ စားဖူးသူတိုင်း သိကြမည်ထင်ပါသည်။
ဒညင်းသီးနဲ့ ငရုပ်သီးက ထမင်းမြိန်တာကတော့ အမှန်ပင်ဖြစ်သည်။ ကောင်းကျိုးထက် ဆိုး
ကျိုးကို ပေးတာကလည်း အမှန်ပင်ဖြစ်ပါသည်။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး လျော့စား
တာက ကောင်းပါမည်။ အသက်ကို ဉာဏ်စောင့်ဆိုသလိုပေါ့။ စာရေးသူကတော့ ဒညင်း
သီးကို လုံးဝ မစားဖြစ်တော့ပေမယ့် ငရုပ်သီးကိုတော့ အနည်းငယ် စားနေဆဲပင်ဖြစ်သည်။
ဆီးက တမျိုးဖြစ်လာရင်တာ့ မြန်မာဆီးဆေးကို ကြိုသောက်ထားလိုက်ပါသည်။
အဲဒီက စပြီး ရောဂါတွေဖြစ်နေလို့ ဆေးလိုက်ရှာဖွေရင်း ကိုယ်တိုင်ပင် ဆေးဆရာလို ဖြစ်ခဲ့ရ
သည်။ အဘိဓမ္မာတောင်သာ ဆရာကြီး ဦးကြည်ဆီမှာလဲ သင်တန်းတက်ဖြစ်သွားပြီး ဆရာ
ကြီးနဲ့ ကျန်းမာရေးအကြောင်း ဆွေးနွေးဖြစ်ခဲ့လို့ ဆရာကြီးကိုယ်တိုင် သင်တန်းဆင်း
လက်မှတ် ပေးအပ်တာကို ရယူခဲ့သလိုပဲ။ အင်္ဂလိပ်ဆေးများကိုလည်း လေ့လာချင်တဲ့အတွက်
သူနာပြုသင်တန်းများကိုပါ တက်ဖြစ်သွားခဲ့သည်။ အဓိကကတော့ ဆေးအကြောင်းများနဲ့
ဘယ်ရောဂါဖြစ်လာရင် ဘယ်လို ကြိုတင်ကာကွယ်ရမယ်ဆိုတာကို သိထားချင်တဲ့အတွက်ပဲ
ဖြစ်ပါသည်။
စာရှုသူများလည်း ကျန်းမာရေးအသိများ တိုးပွားပြီး ချမ်းသာစွာနဲ့ အသက်ရှည်နိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါသည်။
.
(နွေနှင်းမိုး)