………. “စတော်ဘယ်ရီသီးနှင့် ကျန်းမာရေး” ………
????????
?MWD: မင်္ဂလာပါဆရာ..ဒီတစ်ပတ်မှာတော့ ကျွန်မတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ သဘာဝ သစ်သီးတွေထဲက စတော်ဘယ်ရီသီးနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ဆွေးနွေးတင်ဆက်ချင်ပါတယ်ဆရာ..ပထမဆုံးအနေနဲ့ စတော်ဘယ်ရီသီးကို ကျွန်မတို့လူသားတွေ ဘယ်တုန်းကတည်းက စတင်စားသုံးခဲ့ကြသလဲဆိုတာ ဗဟုသုတအဖြစ်ပြောပြပေးပါ..
Dr. KML: စတော်ဘယ်ရီသီးကို ရုက္ခဗေဒအရလေ့လာတဲ့အခါမှာ မျိုးစု (Genus) Fragaria မှာ ပါဝင်ပြီး သူ့အုပ်စုထဲမှာ မျိုးစိတ် (Species) ပေါင်းများစွာ ပါဝင်ပါတယ်..အသုံးအများဆုံးနဲ့ အထင်ရှားဆုံးကတော့ Ananassa ဖြစ်ပါတယ်.. ဒါ့ကြောင့် သူ့ရဲ့ရုက္ခဗေဒအမည်ကိုပြောပါဆိုရင် Fragaria ananassa လို့ ခေါ်ပါတယ်..စတော်ဘယ်ရီပင်ဟာ ဥရောပနဲ့ မြေထဲပင်လယ်ဒေသတွေမှာ ဟိုးယခင်ကတည်းက အလေ့ကျပေါက်တဲ့အပင်ဖြစ်ပါတယ်.. အစောဆုံးအထောက်အထားအနေနဲ့ ရှေးဟောင်းရောမအင်ပါယာ ကြီးထွားစဉ်ကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်..ရှေးကလူတွေက စတော်ဘယ်ရီသီးကိုသာမက တစ်ပင်လုံးကို စိတ်ဓာတ်ကျနေသူတွေကိုကုသရာမှာ အသုံးပြုခဲ့ကြပါတယ်.. ပထမဆုံးလူတွေစိုက်ပျိုးစားသုံးခဲ့တာကတော့ ၁၇၁၂ ခုနှစ် ချီလီနိုင်ငံမှာဖြစ်ပါတယ်.. အဲ့ဒီတုန်းက ချီလီဟာ ပြင်သစ်ကိုလိုနီဖြစ်တော့ ၁၇၁၄ ခုနှစ်မှာ ပြင်သစ်ကိုသယ်လာပြီး ဥရောပမှာ စတင်စိုက်ပျိုးပါတယ်.. ၁၇၅၀ ကျော် ကာလမှာတော့ ပြင်သစ်မှာသာမက အင်္ဂလန်နဲ့ တခြားဥရောပနိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိနေပါပြီ.. ဒါကြောင့် စတော်ဘယ်ရီကို ဥရောပနိုင်ငံတွေမှာ ၁၈ ရာစုအလယ်လောက်က စတင်စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်..အခုဆိုရင်တော့ ဆရာတို့ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး စိုက်ပျိုးထုတ်လုပ်နေကြပါပြီ..
?MWD: ဒီနေ့အချိန်မှာ ကမ္ဘာပေါ်မှာ စတော်ဘယ်ရီကို ဘယ်နိုင်ငံတွေမှာ အများဆုံးစိုက်ပျိုးထုတ်လုပ်တယ်ဆိုတာလည်း သိပါရစေ..
Dr. KML: FAO ရဲ့ ၂၀၁၁ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာ့စတော်ဘယ်ရီထုတ်လုပ်မှုဟာ တန်ချိန်ပေါင်း ၅ သန်းခန့် ရှိတယ်လို့သိရပါတယ်..အဲ့ဒီအထဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တန်ချိန် ၂.၁ သန်းနဲ့ အများဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ၁.၃ သန်းနဲ့ ဒုတိယလိုက်ပါတယ်.. သူတို့နောက်ကမှ တူရကီ၊ စပိန်နဲ့ အီဂျစ်တို့ လိုက်ပါတယ်..
?MWD: သဘာဝဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေအနေနဲ့ရော ဘာတွေပါနေသလဲဆရာ..
Dr. KML: စတော်ဘယ်ရီသီးရဲ့ အရောင်အဆင်း အနံ့အရသာကိုပေးတာဟာ သူ့မှာပါဝင်နေတဲ့ ဖလေဗိုနွိုက်တွေကြောင့်ဖြစ်ပါတယ်.. ဖလေဗိုနွိုက်အုပ်စုဝင်တွေထဲမှာ ထင်ရှားတာကတော့ အင်သိုဆိုင်ရာနင် (Anthocyanins) တွေ ဖြစ်ပါတယ်..ဒါ့အပြင် ဖစ်ဆီတင် (Fisetin) လို့ခေါ်တဲ့ ဖလေဗိုနွိုက်တစ်မျိုးဟာလည်း သစ်သီးအားလုံးထဲမှာ အများဆုံးပါဝင်နေတော တွေ့ရပါတယ်.. စတော်ဘယ်ရီသီး နီနေရခြင်းဟာ အင်သိုဆိုင်ရာနင်တွေကြောင့် ဖြစ်ပါတယ်..
?MWD: စတော်ဘယ်ရီသီးကိုစားရင် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း သိပါရစေ..
Dr. KML: စတော်ဘယ်ရီသီးကိုစားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
(၁) သွေးတွင်းရှိမကောင်းသောအဆီများကို လျှော့ချပေးခြင်း(Lowering LDL cholesterol) စတော်ဘယ်ရီသီးမှာ ကိုလက်စထရောလုံးဝမပါဝင်ပါဘူး.. အခြားအဆီတွေလည်း မပါသလောက်ဖြစ်ပါတယ်.. သူ့မှာဗီတာမင်နဲ့ ဖလေဗိုနွိုက်တွေပါဝင်တာကြောင့် သွေးထဲရှိ ကျန်းမာရေးကိုထိခိုက်စေတဲ့ LDL-cholesterol များကို လျော့နည်းစေတဲ့အာနိသင် ရှိပါတယ်..
(၂) နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေးခြင်း (Lowering coronary heart disease) နှလုံးသွေးကြောကျဉ်းရတဲ့အကြောင်းရင်းကတော့ LDL-cholesterol နှလုံးသွေးကြော အတွင်းမှာ စုပုံလာတာကြောင့်ဖြစ်ပါတယ်.. စတော်ဘယ်ရီသီးမှာ LDL-cholesterol တွေကို ဖျက်ဆီးနိုင်စွမ်းရှိတာကြောင့် နှလုံးသွေးကြောကျဉ်းတဲ့ဖြစ်စဉ်မှ ကာကွယ်ပေးနိုင်ပါတယ်..
(၃) သွေးတိုးရောဂါကို ကာကွယ်ပေးခြင်း (Preventing hypertension) သွေးတိုးရောဂါကိုကုသရာမှာ ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအစာများကို စားခိုင်းလေ့ ရှိပါတယ်.. စတော်ဘယ်ရီသီး ၁၀ဝ ဂရမ်မှာ ပိုတက်စီယမ် ၁၅၃ မီလီဂရမ်ပါဝင်ပြီး သွေးတိုးကိုကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်.. ဒါ့အပြင် LDL-cholesterol များကိုပါ ကျစေနိုင်တာကြောင့် ပုံမှန်စားသုံးပါက သွေးတိုးရောဂါသည်တွေအတွက်လည်း အထောက်အကူပြုပါတယ်..
(၄) ရောင်ရမ်းခြင်းကိုသက်သာစေခြင်း (Anti-inflammatory effect) စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဖလေဗိုနွိုက်လို့ခေါ်တဲ့ အနီရောင်အင်သိုဆိုင်ရာနင်တွေဟာ ရောင်ရမ်းခြင်းကို လျော့နည်းအောင် ပြုလုပ်နိုင်စွမ်း (Anti-inflammatory action) ရှိကြပါတယ်.. အနီရောင်ရှိသော သစ်သီးတိုင်းက ရောင်ရမ်းခြင်းကို သက်သာစေတယ်ဆိုတာကို သိပ္ပံနည်းကျတွေ့ရှိခဲ့တာဟာ ကြာလှပြီဖြစ်တယ်..
(၅) ကင်ဆာရောဂါမှကာကွယ်ပေးခြင်း (Preventing cancer) ကင်ဆာရောဂါကို ကာကွယ်ဖို့အတွက် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိတဲ့ သဘာဝသစ်သီးသစ်ရွက်၊ သစ်ဥသစ်ဖုတွေ မကြာခဏစားပေးဖို့ လိုပါတယ်.. အပင်တွေမှာ ပါဝင်တဲ့ ဖလေဗိုနွိုက်တွေဟာ အင်တီအောက်ဆီးဒင့် အာနိသင်ရှိပြီး ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်.. စတော်ဘယ်ရီသီး အပါအဝင် ဘယ်ရီသီးအားလုံးနီးပါးမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိတဲ့ ဖလေဗိုနွိုက်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်..
?MWD: စတော်ဘယ်ရီသီးကရော တချို့သစ်သီးတွေလို မတည့်တာမျိုးရော ရှိတတ်ပါသလားဆရာ..
Dr. KML: ရှိတတ်တာပေါ့..များသောအားဖြင့်တော့ နှုတ်ခမ်းတွေထူလာတာ၊ အရေပြားအဖုအပိန့်တွေ ထွက်တာလောက်ပဲ ဖြစ်တတ်ပါတယ်.. တချို့သိပ်ဆိုးရင်တော့ အသက်ရှူကြပ်တာလောက်အထိ ဖြစ်နိုင်ပါတယ်.. လုံးဝဓာတ်မတည့်တဲ့သူတွေကျရင်တော့ သတိမေ့တဲ့အထိ ဖြစ်တတ်ပါတယ် (Anaphylactoid reaction) ..ဒါပေမယ့် အဲ့ဒီလိုလူမျိုးကတော့ရှားပါတယ်.. အဓိကဓာတ်မတည့်မှု ဖြစ်တာကတော့ အနီရောင် အင်သိုဆိုင်ရာနင် (Red anthocyanin) နဲ့ ဓာတ်မတည့်လို့ဖြစ်ရတာပါ..ဒါကြောင့် အဲ့ဒီလို လူမျိုးတွေစားဖို့အတွက် အခုနောက်ပိုင်းမှာ အဖြူရောင်စတော်ဘယ်ရီတွေ (White fruit strawberry) ကို စိုက်ပျိုးထုတ်လုပ်ရောင်းချလာတာ တွေ့ရပါတယ်..
?MWD: ဒါဆိုရင် မျိုးဗီဇပြုပြင်ပြောင်းလဲဖို့ လိုမှာပေါ့နော်..
Dr. KML: လုပ်တဲ့နည်းကတော့ နှစ်မျိုးရှိပါတယ်.. မျိုးဗီဇပြောင်းပြီးလုပ်တဲ့နည်းနဲ့ မပြောင်းပဲလုပ်တဲ့နည်းစဉ်တို့ဖြစ်ပါတယ်.. စတော်ဘယ်ရီရဲ့ မျိုးဗီဇကို လေ့လာကြည့်တဲ့အခါမှာ သူ့မှာ ခရိုမိုဇုန်း ၈ စုံ ရှိပါတယ် (8 sets of chromosomes) Octoploid genome လို့ ခေါ်ပါတယ်..ဂျင်းအရေအတွက် ၇၀၉၆ ခု ပါဝင်ပါတယ် (Genetic sequence).. မျိုးဗီဇပြုပြင်ချင်ရင် ငါးကရတဲ့ဗီဇ (Fish gene) ကို ထိုးထည့်ပေးပြီး ပြုပြင်ရပါတယ်..အဲ့ဒီလိုပြုပြင်ရာမှာ အသီးကိုရောဂါပိုးမွှားတွေရဲ့ ဖျက်ဆီးမှုဒဏ်ကိုခံနိုင်အောင်၊ မှိုမတက်အောင်၊ တာရှည်ခံအောင်၊ အရောင်ပြောင်းအောင် လုပ်ပေးနိုင်ပါတယ်..အရွယ်အစားကြီးအောင်၊ အထွက်နှုန်းတိုးအောင်လည်း ပြုလုပ်ကြပါသေးတယ်..
?MWD: စတော်ဘယ်ရီသီးဟာ ဂေါက်ရောဂါရှိသူတွေမစားရဘူးလို့ သိရပါတယ်ဆရာ..အဲ့ဒါ ဆရာ့အမြင်လေးလည်း သိပါရစေ..
Dr. KML: ဂေါက်ရောဂါဆိုတာ သွေးထဲမှာ ယူရစ်အက်ဆစ် (Uric acid) တွေ များနေတဲ့အတွက် အဆစ်အမျက်တွေ ရောင်တဲ့ရောဂါ ဖြစ်ပါတယ်.. ဒီရောဂါကိုကုသတဲ့အခါမှာ အစားအသောက်မှန်ကန်အောင် ရွေးချယ်စားသောက်ခြင်းဟာ အရေးပါလှပါတယ်..ယူရစ်အက်ဆစ်တွေ ဘယ်ကနေရသလဲဆိုရင် အစားအစာမှာပါတဲ့ ပြူရင်း (Purine) ဓာတ်ပစ္စည်းကနေ ရပါတယ်..အစားအစာတိုင်းနီးပါးမှာ ပြူရင်းဓာတ်တွေပါဝင်နေတာမို့ ပြူရင်းဓာတ်မပါဝင်အောင်စားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.. ဒါကြောင့် အစားအစာတွေကို ပြူရင်းဓာတ်ပါဝင်မှုပေါ်မူတည်ပြီး အုပ်စု (၃) ခု ခွဲထားပါတယ်..
(က) ပထမအုပ်စုကတော့ ပြူရင်းပါဝင်မှုများတဲ့အစားအစာများအုပ်စု (High purine foods) မှာ ပါဝင်တဲ့အစားအစာတွေကိုတော့ လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်..အဲ့ဒါတွေကတော့ • အရက်၊ ဘီယာ၊ ဝိုင်အမျိုးမျိုး • ပင်လယ်စာများ- ဂဏန်း၊ ပုစွန်၊ ငါးမျိုးစုံ • အချို့သောအသားများ- ကြက်ဆင်၊ ဝက်ပေါင်ခြောက် • ဝမ်းတွင်းကလီစာများ- အသည်း၊ အူမျိုးစုံ၊ ကျောက်ကပ်၊ နှလုံး
(ခ) ဒုတိယအုပ်စုကတော့ ပြူရင်းပါဝင်မှု အတော်အသင့်များတဲ့ အစားအစာအုပ်စု (High purine foods) မှာ ပါတဲ့ အစားအစာတွေကိုတော့ လျှော့စားဖို့လိုပါတယ်.. အဲ့ဒါတွေကတော့ • အချို့သောအသားများ- အမဲသား၊ ဝက်သား၊ ဘဲသား၊ ကြက်သား • ပဲမျိုးစုံ • မှိုမျိုးစုံ • အချို့သောဟင်းသီးဟင်းရွက်များ- ကညွတ်၊ ဂေါ်ဖီပန်းပွင့်၊ ဟင်းနုနယ်
(ဂ) တတိယအုပ်စုကတော့ ပြူရင်းဓာတ်ပါဝင်မှု အနည်းငယ်သာပါဝင်တဲ့အစားအစာအုပ်စု (Low purine foods) ဖြစ်ပြီး ဒါတွေကိုတော့ စားလို့ရပါတယ်..အဲ့ဒါတွေကတော့ • သစ်သီးမျိုးစုံ • ကျန်သောဟင်းသီးဟင်းရွက်များ • ကြက်ဥ၊ ဘဲဥ၊ ဥမျိုးစုံ • နွားနို့နှင့် နို့ထွက်ပစ္စည်း • ဆန်၊ ဂျုံနှင့်ပြုလုပ်ထားသော အစားအစာများ စတော်ဘယ်ရီသီးဟာ တတိယအုပ်စုမှာပါဝင်တဲ့အတွက် ဂေါက်ရောဂါရှိသူတွေအနေနဲ့ စားနိုင်ပါတယ်..
?MWD: ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲဆရာ..
Dr. KML: စတော်ဘယ်ရီဟာ အေးတဲ့ရာသီဥတုကို ကြိုက်နှစ်သက်တဲ့အတွက် ဆရာတို့နိုင်ငံမှာဆိုရင် ပြင်ဦးလွင်ဒေသနဲ့ ရှမ်းပြည်နယ်ဘက်မှာ အဓိကစိုက်ပျိုးထုတ်လုပ်ပါတယ်..မြန်မာနိုင်ငံက စတော်ဘယ်ရီနဲ့ နိုင်ငံခြားက စတော်ဘယ်ရီနှိုင်းယှဉ်ရင် ကျွန်တော်တို့ဆီမှာက အနံ့အရသာပိုကောင်းတာ တွေ့ရပါတယ်..ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ စတော်ဘယ်ရီသီးကို မကြာခဏစားပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်..
# MWD Health Talk Programme