Protein ဟူသော ဝေါဟာရကို အသားဓာတ်ဟု ခပ်လွယ်လွယ်
ရေးသားပြန်ဆိုလေ့ရှိကြသဖြင့် ပရိုတင်းကို အသားများမှသာ ရရှိနိုင်သည်
ဟု မမှတ်ယူသင့်ပေ။ အမှန်စင်စစ် ပရိုတင်းကို အသီးအနှံများမှလည်း
ရရှိနိုင်ကြောင်း သိထားသင့်ပေသည်။ ခန္ဓာကိုယ်အတွက် လိုအပ်သော
စွမ်းအင်ကို ကာဘိုဟိုက်ဒရိတ် (Carbohydrate)၊ အဆီ(Fat)၊ ပရိုတင်း
(Protein)တို့မှ ရယူကြသည်ဖြစ်ရာ ပရိုတင်းသည် အဓိကအာဟာရ
တစ်မျိုးဖြစ်ပေသည်။
ပရိုတင်းကို အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နှင့်
နို့ထွက်ပစ္စည်းများနှင့် အသီးအနှံအမျိုးမျိုးမှ ရရှိနိုင်သည်။ ဓာတုဗေဒ
သဘောအရ ပရိုတင်း၏ အခြေခံပစ္စည်းမှာ အမိုင်နိုအက်စစ် (Amino
Acids)များဖြစ်ကြသည်။ လူတွင် အမိုင်နိုအက်စစ် အမျိုးပေါင်း ၂၀ ခန့်
ရှိသည်။ အမိုင်နိုအက်စစ်များကို အကြမ်းအားဖြင့် နှစ်မျိုးခွဲထားပေသည်။
၁။ Essential Amino Acids
ခန္ဓာကိုယ်တွင်း၌ ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းမရှိသဖြင့် ပြင်ပ
အစားအစာတွင် မပါမဖြစ် ပါရှိရန်လိုသော အမိုင်နိုအက်စစ်များကို
Essential Amino Acids ဟု ခေါ်ဆိုသည်။ အစာအာဟာရမှသာ ရရှိကြမည်
ဖြစ်သည်။ ဤအမျိုးအစားမှာ ပို၍ အရေးကြီးသည်ဟု သတ်မှတ်နိုင်ပါ
သည်။
၂။ Non-EssentialAmino Acids
ဒုတိယအမျိုးအစား အမိုင်နိုအက်စစ်များမှာ ခန္ဓာကိုယ်အတွင်း
၌ တည်ဆောက်နိုင်စွမ်းရှိကြသည်။ သို့အတွက် အစားအစာတွင် မပါဝင်
စေကာမူ အန္တရာယ်မရှိလှပေ။
Essential Amino Acids ပါဝင်မှု အချိုးအဆပမာဏပေါ် မူတည်
၍ ပရိုတင်းကို ပထမတန်းစား ပရိုတင်း (First Class Protein)နှင့် ဒုတိယ
တန်းစား ပရိုတင်း (Second Class Protein)ဟု ခွဲထားပေသေးသည်။ ပထမ
တန်းစား ပရိုတင်းမှာ အသား၊ ငါး၊ နို့နှင့် နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးတို့မှ
ရသော ပရိုတင်းဖြစ်၍ Essential Amino Acids လုံလောက်မျှတစွာ ပါဝင်
သည်။ ဒုတိယတန်းစား ပရိုတင်းမှာ ဥပမာအားဖြင့် ပဲအမျိုးမျိုးမှရသော
ပရိုတင်းဖြစ်သည်။ ပထမတန်းစား ပရိုတင်းလောက် Essential Amino
Acids ပြည့်စုံလုံလောက်စွာ မပါဝင်ကြချေ။ သို့သော် ပဲအမျိုးမျိုးကို တစ်ချိန်
တည်း စားသုံးခြင်းဖြင့် လုံလောက်မျှတစွာ ရရှိနိုင်သည်။ ပဲတစ်မျိုးတွင်
မပါဝင်သော Essential Amino Acids သည် အခြားပဲတစ်မျိုးတွင် ပါဝင်
နေတတ်သည်။ ပဲနှစ်မျိုး သုံးမျိုးကို တစ်ပြိုင်နက် စားသုံးခြင်းဖြင့် တစ်မျိုး
၏ လိုအပ်ချက်ကို အခြားတစ်မျိုးက ဖြည့်ဆည်းပေးသွားနိုင်သည်။
Essential Amino Acids ရှစ်မျိုးရှိသည်။
၁။ Leucine
၂။ Lysine
၃။ Thr4eonine
၄။ Tryptophan
၅။ Methionine
၆။ Valine
၇။ Isoleucine
၈။ Phenycalnine
ပရိုတင်းသည်ခန္ဓာကိုယ်အတွက် အရေးကြီးသော လုပ်ငန်း
တာဝန်များကို ထမ်းဆောင်ပေးလျက်ရှိသည်။
၁။ ကြီးထွားဖွံ့ဖြိုးခြင်း (Growth Development)
လူတစ်ယောက်သည် သန္ဓေသားဘဝမှ အရွယ်ရောက်သည်
အထိ ကြီးထွားဖွံ့ဖြိုးလျက်ရှိပေသည်။ သန္ဓေသား ကြီးထွားဖွံ့ဖြိုးရန် အတွက်
ကိုယ်ဝန်ဆောင်မိခင်သည် ပရိုတင်းများများရရှိရန် လိုအပ်သည်။
ကလေးငယ်များနှင့် အရွယ်ရောက်စ လူငယ်လူရွယ်များအား ပရိုတင်း
ကြွယ်ဝသော အစားအစာများ ကျွေးရန် အရေးကြီးသည်။ ပရိုတင်း ချို့တဲ့
ခြင်းကြောင့် ခန္ဓာကိုယ်ကြုံလှီသေးကွေးနိုင်သည်။
၂။ ပြုပြင်ခြင်း (Repair)
ပရိုတင်းသည် ခန္ဓာကိုယ်၌ ပျက်စီးယိုယွင်းသွားသော တစ်သျှူး
အင်္ဂါအစိတ်အပိုင်းများကို ပြုပြင်ရန် မရှိမဖြစ် လိုအပ်သည်။
ခွဲစိတ်ပြီးသော လူနာများအား အနာကျက်မြန်စေရန်အတွက်
ပရိုတင်းလုံလောက်စွာ ကျွေးရန်လိုအပ်သည်။ နာတာရှည်ရောဂါတစ်ခု
မှ ပြန်ကောင်းလာသော နာလန်ထ လူနာများအားလည်း အချိန်တိုအတွင်း
ကျန်းမာဖွံ့ဖြိုးလာစေရန် ပရိုတင်း လုံလောက်စွာ ကျွေးရမည်ဖြစ်သည်။
တီဘီရောဂါကဲ့သို့သော ဝေဒနာသည်များအား ပရိုတင်းများစွာ ကျွေးခြင်း
အားဖြင့် ရောဂါပျောက်ကင်းမှုကို လျင်မြန်စေသည်။
ထို့ကြောင့် ခွဲစိတ်ပြီးစ လူနာများ၊ နာလန်ထများနှင့် နာတာရှည်
ရောဂါသည်များအား နို့၊ ကြက်ဥ၊ အသားများကျွေးရန် ဆရာဝန်များက
တိုက်တွန်းညွှန်ကြားကြပါသည်။
၃။ စွမ်းအင်ပေးခြင်း (Energy Provision)
ပရိုတင်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ပမာဏ၏ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိရှိသော စွမ်းအင်ကို ပေးသည်။
ခန္ဓာကိုယ်အတွက် စွမ်းအင်ကို အဓိကပေးသည်မှာ ကာဘိုဟိုက်ဒရိတ်နှင့် အဆီတို့သာ ဖြစ်ပါသည်။
၄။ ကိုယ်ခံစွမ်းအား (Body Defence)
ခန္ဓာကိုယ်၏ ခုခံစွမ်းအားစနစ်တွင် အရေးကြီးဆုံးသော ပစ္စည်း
မှာ အင်တီဘော်ဒီ(Antibody)ဖြစ်သည်။ ယင်း အင်တီဘော်ဒီများမှာပရိုတင်းများပင်ဖြစ်ကြသည်။
၅။ ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္တုဓာတ်အချို့ရရှိစေခြင်း
ခန္ဓာကိုယ်အတွက် လိုအပ်သော ဆာလဖာ၊ နိုက်ထရိုဂျင်၊ဖော့စ်ဖရပ်တို့ကို ပရိုတင်းမှ တစ်ဆင့် ရယူကြရသည်။
၆။ ဇီဝဓာတ်ပစ္စည်းတချို့ တည်ဆောက်ခြင်း
ဇီဝဓာတ်ကူပစ္စည်းများ (Enzymes)၊ သွေးရည်ပရို တင်း
(Plasmaproteins)၊ ဟေမိုဂလိုဘင်(Haemoglobin)နှင့် တချို့ဟော်မုန်း (Some
Hormones)များသည် ခန္ဓာကိုယ်၏ အရေးကြီးသော ပရိုတင်းများဖြစ်
သည်။ အထက်ပါ ဓာတ်ပစ္စည်းများ လုံလောက်မှုရှိစေရန် ပရိုတင်း
လုံလောက်သော အာဟာရကို စားသုံးကြရမည်ဖြစ်သည်။
၇။ ကလာပ်စည်းများ၊ တစ်သျှူးများ ဖွဲ့စည်းတည်ဆောက်ခြင်း
လူ၏ ခန္ဓာကိုယ်သည် တည်ဆောက်ပုံအရ အခြေခံအားဖြင့်
ကလာပ်စည်း ခေါ် ဆဲလ်များ ပါဝင်ပါသည်။ မည်သည့် ကလာပ်စည်း
မဆို ပရိုတင်း မရှိလျှင် တည်ဆောက်၍ မရနိုင်ပါ။ တစ်နည်းဆိုရပါ
လျှင် ပရိုတင်းသည် ခန္ဓာကိုယ်တည်ဆောက်ဖွဲ့စည်းရန်အတွက် အခြေခံ
ဖြစ်သည်။
၈။ နို့ရည်တည်ဆောက်ခြင်း
မိခင်၏ နို့ရည်တွင် ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးရန်အတွက်
လုံလောက်သော ပရိုတင်းပါဝင်သည်။ နို့ရည်တွင် ပါသော ပရိုတင်းမှာ
ပထမတန်းစား ပရိုတင်း (FirstClassProtein)ဖြစ်သည်။ နို့တိုက်မိခင်များ
သည် အာဟာရပြည့်ဝကောင်းမွန်သော နို့ရည်ထွက်ရှိရန် လုံလောက်သော
ပရိုတင်း စားသုံးကြရမည်ဖြစ်၏။ နို့တိုက်မိခင်များ အစားရှောင်ခြင်းသည်
ပရိုတင်းချို့တဲ့စေနိုင်ကြောင်း သတိပြုသင့်သည်။
မည်သည့်အာဟာရပစ္စည်းမဆို လိုခြင်း၊ ပိုခြင်း၊ မမျှတခြင်း သည်
ကျန်းမာခြင်းကို ထိခိုက်စေနိုင်သည်။ သို့သော် ပရိုတင်းဓာတ်လွန်ကဲသဖြင့်
ဖြစ်သော ရောဂါဟူ၍မရှိသေးပေ။ အချို့သောရောဂါများတွင် ပရိုတင်း
စားသုံးမှု လျှော့ချရန် လိုအပ်သည်များ ရှိတတ်ပါသည်။ ပရိုတင်း စားသုံးမှု
လိုအပ်သည်ထက် လျော့နည်းသဖြင့် ရောဂါဝေဒနာအမျိုးမျိုးဖြစ်နိုင်သည်။
အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးညံ့ဖျင်းသွားမည်ဖြစ်သည်။ ကလေး
ငယ်များ၌ ပရိုတင်းချို့တဲ့ခြင်းကြောင့် (Kwashiorkor)ကွာရှာကော ရောဂါ
ဖြစ်နိုင်သည်။ ပရိုတင်း ချို့တဲ့သဖြင့် သွေးအားနည်းခြင်း၊ ကြွက်သားများ
သေးသိမ်ခြင်း၊ အနာကျက်နှေးခြင်း၊ ကိုယ်ခံစွမ်းအား ကျဆင်းခြင်း၊ ရောဂါ
များ အလွယ်တကူဝင်ရောက်ခြင်း၊ နို့တိုက်မိခင်များ နို့ထွက်အား လျော့
နည်းခြင်း၊ သန္ဓေသားလမစေ့မီ မွေးဖွားတတ်ခြင်း၊ သန္ဓေသား ကိုယ်
အလေးချိန် ပေါင်မပြည့်ခြင်း စသည်တို့ကို တွေ့ရနိုင်သည်။
သာမန်အားဖြင့် ပရိုတင်းစားသုံးမှု လွန်ကဲသောကြောင့် ဖြစ်
သော ရောဂါဟူ၍ မရှိပါ။ ပရိုတင်း စားသုံးမှုနည်းသဖြင့် ရောဂါ ဝေဒနာ
အမျိုးမျိုးဖြစ်နိုင်သောကြောင့် ပရိုတင်း ကြွယ်ဝသော အသား၊ ငါး၊ နို့နှင့်
နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုးနှင့်အထူးသဖြင့် ပဲအမျိုးမျိုးကို လုံလောက်စွာ
စားသုံးပေးရန်လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
# ဒေါက်တာအေးကျော် | အာဟာရနှင်ဆိုင်သော ကျန်းမာရေး ဆောင်းပါးများမှ