ကျန်းမာရေးဗဟုသုတ

မြင်းခွာရွက် အသက်ရှည်ဆေး

မြင်းခွာရွက် အသက်ရှည်ဆေး
====================
ရှေးက ဆေးကျမ်းများတွင် အာယုဝဍ်ဎန ခေါ် အသက်ရှည်ဆေး အကြောင်း ပါရှိသည်။ အသက်ရှည်ဆေး သည် အားတိုးဆေး နှင့်မတူပေ။ ရသာယန ခေါ် သက်စောင့်ဆေးများ၊ ဝါဇီကရဏ ခေါ် ခွန်အားတိုး ဆေးများသည် လောကီခွန်အား ဖြည့်ရန် သုံးစွဲသော ဆေးများ ဖြစ်သည်။ အချို့သော ဆေးများတွင် ရွှေ၊ ကတိုး၊ ကုံကမံ၊ ငှက်သိုက်၊ ငါးကြီးအန်ဖတ် စသည့် တန်ဖိုးကြီး ဆေးမယ်များ ပါသည့်အပြင် အချို့ တန်ဖိုးကြီးသော ဆေးများတွင် ပုလဲ၊ သန္တာ၊ ဂေါ်မိတ်၊ ပယင်း စသည့် ရတနာများ ကိုပင် ထည့်၍ ဆေးဖော်သည်ကို ဆေးညွှန်းစာများ အရ သိရသည်။

အသက်ရှည်ရန် ဓာတ်ခုနစ်ပါး တိုးစေသည့် ရသာယန ဆေးနှင့် အာယုဝဍ်ဎန ဆေးများကို ဖော်စပ် သုံးစွဲခြင်း၊ ရဟန်း သံဃာများ၊ လူကြီး သူမများကို လှူဒါန်းခြင်း ပြုအပ် သော်လည်း ဝါဇီကရဏ ခေါ် အားတိုးဆေးမျိုး မှာကား သူတော်စင်၊ ဥပုသ်သည်များ မသုံးစွဲသင့် ဟု အဆိုရှိ သည်။ အသက်အရွယ် ငယ်ရွယ်နုပျို သူများသည်လည်း အားတိုးဆေး များကို မလိုအပ်ဘဲ မမှီဝဲသင့်ဟု ဆိုသည်။ မလိုအပ်ဘဲ ဆေးမှီဝဲလျှင် ကောင်းကျိုး မဖြစ်သည့် အပြင် အကြော ပိတ်ဆို့သည့် ဆိုးကျိုးများ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည်။

လူ၏ သက်တမ်းမှာ အသက် ၁ဝဝ နှစ်ဖြစ်သည်။ ဗုဒ္ဓစာပေများ အရ ပထမ အရွယ်သည် အသက် ၃၃ နှစ်အထိ ဖြစ်သည်။ ဒုတိယ အရွယ်သည် အသက် ၃၄ နှစ်မှ ၆၆ နှစ် အရွယ်အထိ ဖြစ်သည်။ ထို့ကြောင့် ၆၇ နှစ်မှစပြီး တတိယ အရွယ်သို့ ရောက်ပြီ ဖြစ်သည်။ ရသာယနဆေး နှင့် အာယုဝဍ်ဎန ခေါ် သက်ရှည်ဆေးများ မှီဝဲသင့်သည့် အရွယ်မှာ ဤ တတိယ အရွယ် ရောက်မှသာ ဖြစ်သည်။ ရောဂါ မှန်သမျှ အစာ မကြေခြင်းမှ စသည် ဆိုသဖြင့် အစာကြေဆေး ကိုလည်း နေ့စဉ် မှီဝဲသင့်သော အရွယ် ဖြစ်သည်။ အစာကြေဆေး၊ ဝမ်းမှန်ဆေးများ မှီဝဲပြီး နောက်ဆုံး ညအိပ်ရာ ဝင်ချိန် ရောက်မှ သာလျှင် အာယုဝဍ်ဎန ဆေးကို မှီဝဲသင့်သည်။

အာယုဝဍ်ဎန ဆေးနည်း များစွာ ရှိသည့်အနက် လွယ်ကူသော သက်ရှည် ကျန်းမာ စေနိုင်သော ဆေးမှာ မြင်းခွာရွက် အသက်ရှည်ဆေး ဖြစ်သည်။ မြင်းခွာရွက်နှင့် ပျားရည်သည် ရှေးနှစ်ပေါင်း ၁ဝဝဝ ကျော်က ပြုစုခဲ့သည့် အာယုဗေဒ ဆေးကျမ်းများစွာ တွင်ပါဝင်သော အသက်ရှည် ဆေးနည်း များတွင် ပါဝင်သည်ကို တွေ့ရသည်။

မြင်းခွာရွက်တွင် နွယ်နှင့် ပေါက်သော မြင်းခွာရွက် အသေးမျိုးနှင့် ဟင်းချက်စရာ အတို့အမြှုပ် ပြုသည့် မြင်းခွာရွက်ကြီး တို့တွင် အသေးမျိုး နွယ်မြင်းခွာ ပင်က ပို၍ ဆေးဖက်ဝင် အာနိသင် ရှိသည်။ ဆေးမြင်းခွာ ဟူ၍ ကျောက်စရစ် ရောသော မြေမာတွင် ကပ်ပေါက်သည့် မြင်းခွာပင် မျိုးလည်း ရှိသေးသည်။ ထို ဆေးမြင်းခွာကို အာယုဝဍ်ဎနဆေး မဖော်ပေ။ နွယ်မြင်းခွာ အသေးကိုသာ နေရိပ်တွင် တန်းဖြင့် တွဲလောင်းချ အခြောက်လှန်းပြီး ဆေးဖော်ရမည် ဖြစ်သည်။

မြင်းခွာရွက်အာယုဝဍ်ဎနဆေးနည်း

၁။ မြင်းခွာရွက်ခြောက်မှုန့် ၁ဝကျပ်သား ။
၂။ ငရုတ်ကောင်းစိမ်း အမှုန့် ၁ကျပ်သား ရောစပ်ပြီး ပျားရည် (အသစ်)ဖြင့် မပျစ်မကျဲ ဖြစ်အောင် ဇွန်းခပ် ကောင်းအောင် ရောတေပြီး ဖန်ပုလင်းဖြင့် သိမ်းထားပါ။ မှိုမတက်အောင် တစ်ပတ်တစ်ကြိမ် နေပူပြပေးပါ။ နံနက်၊ ည ကော်ဖီဇွန်း အသေးတစ်ဇွန်း မှန်မှန်စားသုံး ပေးလျှင် ကျန်းမာပြီး အနာရောဂါ ကင်းစင်၍ အသက်ရှည် စေနိုင်သည် ဟု ဆိုသည်။ လက်တွေ့တွင် ဆီးချိုရောဂါ၊ လေငန်းရောဂါသမားများပါ သက်သာ ပျောက်ကင်း စေနိုင်ကြောင်း သိရသဖြင့် တင်ပြ လိုက်ရ ပေသည်။
Credit : Thithtoolwin

ကြည်မြင့်လွင် (မုဒြာ)

Leave a Reply

Your email address will not be published. Required fields are marked *