ဒိန်ချဉ်နှင့် ကျန်းမာရေး
==================
==================
ဒိန်ချဉ်မှန်မှန်သောက်ခြင်းဖြင့် ကိုလက်စထရောကျပြီး သွေးတိုးရောဂါ ရှိသူများအတွက် အကျိုးရှိကြောင်း၊ ပန်းနာရင်ကျပ်ရှိသူများကိုလည်း သက်သာစေကြောင်း၊ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်အောင်ကာကွယ်ပေးကြောင်း၊ အသက်နှ စ်နှစ်ကျော်မှ အသက်ကြီးသည့် အရွယ်အထိ နေ့စဉ်စားပေးပါက အသက်ရှည်ကြောင်း မြဝတီသတင်းစာဖတ်ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာခင်မောင်လွင် (FAME) နှင့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
မေး ။ ။ ဆရာ။ ဒိန်ချဉ်ဆိုတာ ဘယ်လိုအစားအစာမျိုးဖြစ်တယ်။ ဘယ်တုန်းကတည်းက ပေါ်ပေါက်ခဲ့တဲ့ အစားအစာလည်းဆိုတာ သိပါရစေ။
ဖြေ ။ ။ ဒိန်ချဉ်ဆိုတာ အဓိကအားဖြင့် နွားနို့ကို အချဉ်ဖောက်ပြီးရလာတဲ့အစားအစာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Yogurt လို့ ခေါ်ပါတယ်။ Yogurt ဒါမှမဟုတ် Yoghurt လို့လည်း ရေးလေ့ရှိပါတယ်။ တကယ်တော့ နွားနို့သာမက ဘယ်နို့တိုက်သတ္တဝါရဲ့နို့ကို မဆို အချဉ်ဖောက်ရင် ဒိန်ချဉ်ကိုရပါတယ်။ ဒိန်ချဉ်ရဲ့အစကတော့ ဘူဂေးရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ အဲဒီမှာ ရာစုနှစ်ပေါင်းများစွာကတည်းက သုံးခဲ့ကြပါတယ်။ နောက်ပိုင်းကျမှ ကျန်တဲ့ Balkan ဒေသမှာရှိတဲ့နိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို ပျံ့နှံ့ရောက်ရှိပါတယ်။ ပြီးတော့မှ ဥရောပနိုင်ငံနဲ့ အမေရိကတိုက်ကို ရောက်ပါတယ်။ ဒီနေ့မှာတော့ ဒိန်ချဉ်မစားသုံးတဲ့ နိုင်ငံရယ် လို့ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။
မေး ။ ။ ဒိန်ချဉ်လုပ်မယ်ဆိုရင် ဘယ်လိုမျိုးနို့ကိုသုံးရင် အကောင်းဆုံးပါလဲဆရာ။
ဖြေ ။ ။ ဒိန်ချဉ်လုပ်တော့မယ်ဆိုရင်- (၁) ရောဂါမရှိတဲ့နွားရဲ့နွားနို့ဖြစ်ရပါမယ်။ ဥပမာ- နွားရဲ့နို့အုံမှာ အနာဖြစ်တာမျိုး၊ ရောင်ရမ်းနေတာမျိုးဆိုရင် ရောဂါပိုးတွေပါလာနိုင်လို့ ဒိန်ချဉ်ပျက်စီးနိုင်ပါတယ်။ (၂) နွားနို့ဟာ လတ်ဆတ်ရပါမယ်။ ရက်ကြာတဲ့နို့ဆိုရင် မကောင်းပါ။ (၃) နွားနို့ကိုစစ်ဆေးကြည့်ရင် အခြားဗက်တီးရီးယားတွေ နည်းနိုင်သမျှနည်းရပါမယ်။ (၄) ပဋိဇီဝဆေးတွေလည်း ကင်းစင်ရမှာဖြစ်ပါတယ်။ ဥပမာ-နွားကို ပဋိဇီဝဆေး တိုက်ထားရင် နို့ထဲမှာလည်းပါလာနိုင်ပါတယ်။ဒါဆိုရင် ဒိန်ချဉ်လုပ်လို့မရနိုင်ပါ။ ရရင်လည်းမကောင်းပါ။ (၅) နို့ထဲမှာ အခြားသောဓာတုဗေဒပစ္စည်းများ ကင်းစင်ရပါမယ်။ ဥပမာ- အချို့သော နို့တွေမှာ ကြာရှည်ခံအောင် preservative တွေထည့်ထားရင် ဒိန်ချဉ်လုပ်လို့မရပါ။
မေး ။ ။ ဒိန်ချဉ်ဟာ ချဉ်တဲ့အရသာရှိတာရော ဘာကြောင့်ပါလဲဆရာ။ သာမန်အားဖြင့် အခြား အစားအစာတွေ ချဉ်သွားရင် စားဖို့မသင့်လို့ လွှင့်ပစ်ရလေ့ရှိပေမယ့် ဒီဒိန်ချဉ်ကျတော့ ဘာကြောင့် စားလို့ရတာပါလဲဆရာ။
ဖြေ ။ ။ ဒါကလည်း ဒိန်ချဉ်ရဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။ ဒိန်ချဉ်ဘာလို့ချဉ်ရသလဲဆိုရင် နို့ထဲမှာပါတဲ့ Lactose လို့ခေါ်တဲ့ သကြားဓာတ်ကို Lactobacillius လို့ခေါ်တဲ့ ဗက်တီးရီးယား ကနေ ထုတ်လိုက်တဲ့ Lactose enzyme တွေကနေ လက်တစ်အက်စစ် အဖြစ်ပြောင်းလိုက်လို့ ချဉ်သွားတာဖြစ်ပါတယ်။ လက်တစ်အက်စစ်တွေဟာ pH အားဖြင့် 4.0 လောက်ပဲရှိတာမို့ ချဉ် ရခြင်းဖြစ်ပါတယ်။ ကျန်တဲ့အချဉ်ဓာတ်တွေဖြစ်တဲ့ Acetic acid, Acetyldehyde နဲ့ Diacetyl တွေကိုလည်း ထုတ်လုပ်ပေးတဲ့အတွက် ချဉ်သွားရခြင်းဖြစ်ပါတယ်။ ဒီပစ္စည်းအားလုံးဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပစ္စည်းတွေဖြစ်လို့ စားသုံးလို့ရခြင်းဖြစ်ပါတယ်။ အခြား အစားအစာတွေ ချဉ်တယ်ဆိုတာကတော့ ပျက်စီးသွားတာဖြစ်လို့ စားဖို့မသင့်ပါဘူး။
မေး။ ။ဒိန်ချဉ်သောက်ရင် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အဓိကအရေးအကြီးဆုံးကတော့ Probiotic အာနိသင်ကို ရရှိစေနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ခန္ဓာကိုယ်ကြီးကို ပြင်ပရောဂါပိုးတွေဝင်မလာအောင် ကာကွယ်စောင့်ရှောက်ရာမှာ ခန္ဓာ ကိုယ်တွင်း သွေးဖြူဥတွေနဲ့ Antibody လိုဟာမျိုးတွေရှိသလို ခန္ဓာကိုယ်ရဲ့ပြင်ပနဲ့ ထိတွေ့နေရ တဲ့နေရာတွေဖြစ်တဲ့ ပါးစပ်တို့လို၊ အူအတွင်းပိုင်းလို၊ မိန်းမကိုယ်အတွင်းပိုင်းလို နေရာမျိုးကို စောင့်ရှောက်ပေးတဲ့ ဗက်တီးရီးယားပိုးတွေလည်း ရှိပါသေးတယ်။ သူတို့ဟာ ခန္ဓာကိုယ်သွေး ကြောထဲကို ဖောက်ဝင်လေ့မရှိဘဲ အပြင်ကနေ စောင့်ရှောက်ပေးခြင်း ဖြစ်ပါတယ်။ သူတို့ကို Probiotic လို့ခေါ်ပါတယ်။အဓိကကတော့ Lactobacillus တွေဖြစ်ပြီး ဒုတိယအနေနဲ့ Yeast အုပ်စုဝင် Saccharomyces boulardii တို့ဖြစ်ပါတယ်။ သူတို့ကို good bacteria သို့မဟုတ် normal flora လို့လည်းခေါ်ကြပါတယ်။ ပြင်ပကနေ ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေ virus ပိုးတွေဝင်လာခဲ့ရင် သူတို့က ခုခံကာကွယ် တွန်းလှန်ပေးကြပါတယ်။ ဒါကြောင့် သူတို့ တွေများနေခြင်းဟာ ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိပါတယ်။ သူတို့ကိုပေးရတဲ့ ရည်ရွယ် ချက်ကတော့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို တိုက် ခိုက်ဖျက်ဆီးဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Antibiotic တွေပေးလိုက်ရင် ရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရော ခန္ဓာကိုယ်ကိုစောင့်ရှောက်ပေးတဲ့ Lactobacillus လိုကောင်းတဲ့ ဗက်တီးရီး ယားတွေပါ သေဆုံးကုန်ပါတယ်။ ဒါကြောင့် နောက်ထပ်ရောဂါပိုးတွေ ဝင်လာဖို့ ထပ်မံဖိတ်ခေါ် သလိုဖြစ်ပါတယ်။ ဒီလို Antibiotic သောက်ပြီးတဲ့သူတွေမှာ ဒိန်ချဉ်ကိုသောက်လိုက်ရင် ခုနက ဆုံးရှုံးသွားတဲ့ ကောင်းတဲ့ဗက်တီးရီးယားတွေကို ပြန်ဖြည့်ပေးသလိုဖြစ်လို့ များစွာအကျိုးရှိ ပါတယ်။ ဒိန်ချဉ်မှန်မှန်သောက်တဲ့သူဟာ Antibiotic တွေ အမြဲဖြည့်ပေးနေတာဖြစ်လို့ ပြင်ပ ရောဂါပိုးတွေမဝင်အောင် အထူးသဖြင့် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။
မေး။ ။အခြားအာနိသင် အကျိုးကျေးဇူးတွေကိုလည်း ဆက်ပြောပါဦးဆရာ။
ဖြေ။ ။အူနဲ့အစာလမ်းကြောင်းတစ်လျှောက်မှာ အကျိုးကျေးဇူးတွေအများကြီးရှိပါသေးတယ်။ ဒီ Lactobacillus တွေဟာ ကျွန်တော်တို့စားလိုက်တဲ့ အစာတွေကို သူတို့ကအရင်ဆုံး ချေဖျက် ပေးတယ်။ ဒါကြောင့် အစာကျေလွယ်ပြီး အူနံရံကလွယ်ကူစွာစုပ်ယူနိုင်လို့ အာဟာရဓာတ် ပြည့်ပြည့်ဝဝရနိုင်ပါတယ်။ နောက်ပြီး အချို့ကလေးတွေမှာ နွားနို့၊ နို့မှုန့်သောက်လို့မရတဲ့ ရောဂါတစ်မျိုး ရှိတတ်ပါတယ်။ Lactose intolerance လို့ခေါ်ပါတယ်။ နို့မှာပါတဲ့ Lactose လို့ခေါ်တဲ့ သကြားဓာတ်ကို အူကမချေဖျက်နိုင်လို့ နို့ထွက်ပစ္စည်းစားတိုင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတာပါ။ ဒိန်ချဉ်မှာပါတဲ့ Lactobacillus တွေဟာ Lactose လို့ခေါ်တဲ့အင်ဇိုင်းကို လုံလောက်စွာထုတ်ပေးတာကြောင့် ဒိန်ချဉ်သောက်ပြီးမှ နွားနို့သောက်ရင် ဝမ်းပျက်တာမျိုး မဖြစ်နိုင်တော့ပါ။
မေး ။ ။ ဒိန်ချဉ်သောက်ရင် ခုခံအားစနစ် ကောင်းမွန်စေတယ်ဆိုတာရော ဟုတ်ပါသလား ဆရာ။
ဖြေ ။ ။ မှန်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ Lactobacillus တွေဟာ ပြင်ပကရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားတွေဖြစ်တဲ့ တိုက်ဖွိုက်ရောဂါပိုးတွေ၊ ဝမ်းကိုက်ရောဂါပိုးတွေ၊ ဝမ်းလျှောစတဲ့ အီးကိုလိုင်(E. coli)ရောဂါပိုးတွေကို ဟန့်တားနိုင်စွမ်းရှိပါတယ်။ ဒါတင်မကသေးဘဲ ဒိန်ချဉ်မှာ ပါတဲ့ Lactobacillus တွေဟာ သွေးထဲကိုရောက်သွားပြီး အသည်းနဲ့ သရက်ရွက်ကိုရောက်ရင် ခုခံအားစနစ်တွေဖြစ်တဲ့ သွေးဖြူဥတွေ၊ အထူးသဖြင့် ရောဂါပိုးကို တိုက်ရိုက်သတ်ဖြတ်ပေးမယ့် ဆဲလ်တွေ၊ ဗိုင်းရပ်ပိုးတွေ ဝင်မလာအောင် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Lactobacillus လို ဓာတ် ပစ္စည်းတွေထွက်စေနိုင်ပါတယ်။
မေး ။ ။ သွေးထဲမှာ ကိုလက်စထရောများနေတဲ့ သူတွေရော ဒိန်ချဉ်သောက်လို့ရပါသလား ဆရာ။
ဖြေ။ ။ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ Lactobacillus တွေဟာ အစားအစာထဲမှာပါတဲ့ ကိုလက်စထရောကို ချေဖျက်စားသောက်လို့ပဲဖြစ်ပါတယ်။ ထွက်လာတဲ့ ဓာတ်ပစ္စည်းတွေ ဟာ ခန္ဓာကိုယ်အူနံရံကနေ စုပ်ယူပြီးရင် သွေးထဲမှာရှိတဲ့ ကိုလက်စထရောရဲ့ ဇီဝကမ္မဖြစ်စဉ် တွေကို ပြောင်းလဲစေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်သောက်ရင် ကိုလက်စထရော ကျပါတယ်။ ဒါနဲ့ပတ်သက်ပြီး လေ့လာချက်တွေ အများကြီးပေါ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ LDL နဲ့ Triglyceride တွေကို အဓိကကျစေပြီး Blood Pressure ပါ ကျစေနိုင်ကြောင်း တွေ့ရလို့ သွေးတိုးရောဂါရှိသူတွေ အတွက်လည်း များစွာအကျိုးရှိပါတယ်။
မေး ။ ။ အခြားအကျိုးအာနိသင်တွေရှိရင် လည်းသိပါရစေ။
ဖြေ ။ ။(၁) Food allergies လို့ခေါ်တဲ့ အစားအစာနဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေကို လည်း သက်သာစေပါတယ်။ (၂) ပန်းနာရင်ကျပ် ရောဂါရှိသူတွေကိုလည်း သက်သာစေပါတယ်။ ပန်းနာရင်ကျပ်သာမက အခြား အသက်ရှူလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ sin usitis, bronchitis တို့ pneumonia တို့ကိုလည်း သက်သာစေပါတယ်။ (၃) နှင်းခူရောဂါ Eczema ကိုလည်း သက်သာစေပါတယ်။ (၄) ကင်ဆာရောဂါ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ (၅) အရိုးတွေသွားတွေ ကြံ့ခိုင်အောင် Osteoporosis တို့ dental caries တို့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ (၆) ခံတွင်းအနံ့ဆိုးခြင်းကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ (၇) မျက်နှာမှာ ဝက်ခြံပေါက်ခဲ့ရင် ပျောက်ကင်းစေပါတယ်။ (၈) အသက်ရှည်ခြင်းကို အထောက်အကူပြုပါတယ်။ ဒါတွေကတော့ ဒိန်ချဉ်စားခြင်း ကြောင့်ရတဲ့ အကျိုးအာနိသင်များပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် ဒီနေ့ ခေတ်စားနေတဲ့ သဘာဝဆေးပညာမှာ အဓိက ထုတ်လုပ်တဲ့ဆေးဝါးအုပ်စုနှစ်ခုရှိပါတယ်။ (၁) အပင်ကိုအခြေခံသော ဆေးဝါးများအုပ်စုလို့ခေါ်ပါတယ်။ (၂)အဏုဇီဝနဲ့သက်ရှိသတ္တဝါတွေကို အခြေခံထုတ်လုပ်သော ဆေးဝါးများအုပ်စု တို့ဖြစ် ပါတယ်။ အခုဒိန်ချဉ်နဲ့ပေးပြီး ဆေးကုသတာဟာ ဇီဝဆေးဝါးအုပ်စုထဲမှာပါပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ မြဝတီစာဖတ်ပရိ သတ်များကို ဘာများမှာကြားလိုပါသလဲ။
ဖြေ ။ ။ ဒိန်ချဉ်ဆိုတာ အင်မတန်ဆေးဖက်ဝင်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ အသက် နှစ်နှစ်ကျော်တဲ့ ကလေးကစပြီး အသက်ကြီးတဲ့အရွယ်အထိ နေ့စဉ်စားသုံးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ အိမ်မှာလည်းအလွယ်တကူ လုပ်စားလို့ရပါတယ်။ အခုအခါမှာ ဒိန်ချဉ်ကို စီးပွားဖြစ် စက်မှုလုပ်ငန်းကြီးများအသွင်နဲ့ ထုတ်လုပ်ရောင်းချနေကြလို့ အိမ်မှာကရိကထများ လို့ မလုပ်နိုင်သူတွေလည်း အလွယ်တကူ ဝယ်ယူစားသုံးလို့ရတဲ့ အနေအထားများရှိပါတယ်။ ဒိန်ချဉ်မှာ Probiotic တွေ များစွာပါလို့ သက်စောင့်ဆေးလို့ ပြောလို့ရပါတယ်။ ။
===========
Myawady Health