** ညစဉ်ညတိုင်း လုပ်ဆောင်ရမယ့် သွားနဲ့ခံတွင်း သန့်ရှင်းရေး **
==================
==================
ညဘက်အိပ်ချိန်မှာ ပါးစပ်ထဲ ဘက်တီးရီးယားတွေ စုပုံလာပြီး သွားပိုးပေါက်တွေဖြစ်ကာ သွားကို ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ညစ်စရာကောင်းတဲ့ သွားပိုးပေါက်တွေ၊ သွားဖုံးရောင်ခြင်းတွေ၊ သွားမည်းမည်းကြီးတွေကို ကြောက်ရွံ့ထိတ်လန့်ပြီး အိပ်ရေးမဝတာမျိုး မဖြစ်ရလေအောင် မအိပ်ခင်မှာ လုပ်ဆောင်ရမယ့် အချက် (8) ချက်ကို ဖော်ပြလိုက်ပါတယ်။
1. ညမအိပ်ခင် သွားတိုက်ပါ။
ညဘက် မအိပ်ခင်မှာ သွားတိုက်ခြင်းဖြင့် သွားချေး၊ သွားပိုးပေါက်၊ သွားဖုံးပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် သွားပိုးပေါက်တွေ၊ သွားဖုံးရောဂါတွေ ဖြစ်လေ့ရှိသူတွေမှာ ညစာစားပြီးချိန် တစ်ကြိမ်၊ ညမအိပ်ခင် တစ်ကြိမ် သွားတိုက်ရပါမယ်။
2. သွားတိုက်ပုံ မှန်ပါစေ။
သွားတိုက်ရာမှာ အထက်အောက် ဖြည်းဖြည်းချင်း ပွတ်တိုက်ရပါမယ်။ သွားအပြင်ဘက်ကို အရင်တိုက်ပါ။ ပြီးမှာ သွားအတွင်းပိုင်းနဲ့ အစာဝါးတဲ့ သွားအပေါ်ပိုင်း စသည်ဖြင့် အစဉ်လိုက် တိုက်သွားပါ။ သွားအတွင်ပိုင်းကို တိုက်တဲ့အခါမှာလည်း ဖြည်းဖြည်းချင်း အထက်အောက် စုန်ဆန်တိုက်ပေးပါ။
3. လျှပ်စစ်သွားပွတ်တံကို သုံးပါ။
လျှပ်စစ်သွားပွတ်တံခေါင်းရဲ့ လှုပ်ရှားမှု၊ တုန်ခါမှုတွေက သွားကို ပိုမိုသန့်စင်ပေးနိုင်ပါတယ်။ ကိုင်တွယ်အသုံးပြုရ လွယ်ကူပြီး လှုပ်ရှားတုန်ခါမှုကောင်းတဲ့ သွားပွတ်တံကို သုံးရပါမယ်။
4. သွားကြားရှင်း အပ်ချည်မျှင်ကိုလည်း သုံးပေးသင့်ပါတယ်။
သွားကြားရှင်း အပ်ချည်မျှင်ဟာ စုပုံလာတဲ့ အစာကြွင်း အစာကျန်တွေကို လတ်ဆတ်နေတုန်းမှာ ဖယ်ရှားပေးနိုင်ပါတယ်။ မဖယ်ရှားခဲ့ရင် ဒီအစာကျန်တွေကို ဘက်တီးရီးယားပိုးတွေ စားသုံးပြီး သွားပိုးပေါက်တွေ ဖြစ်လာနိုင်တဲ့အပြင် ကြာလာပြီး မာသွားတဲ့သွားချေးတွေကို သွားဆရာဝန်ကသာ ဖယ်ရှားနိုင်ပါတယ်။ လူအများစုအတွက် ညဘက်မအိပ်ခင် လုပ်ပေးရုံနဲ့ လုံလောက်ပေမယ့် သွားရောဂါ အဖြစ်များသူတွေမှာတော့ မနက်ဘက်မှလည်း တစ်ကြိမ် ပိုလုပ်ပေးသင့်ပါတယ်။
5. ပလုတ်ကျင်းပါ။
ပါးစပ်ဆေးရည်နဲ့ ပလုတ်ကျင်းတာဟာ ပါးစပ်မွှေးရုံသပ်သပ်တင် မကပါဘူး။ ဆေးပါးစပ်ဆေးရည်နဲ့ အိပ်ရာမဝင်ခင် ပလုတ်ကျင်းပေးခြင်းဖြင့် သွားချေးတွေ၊ သွားပိုးပေါက်တွေကို ကာကွယ်ပေးတဲ့အပြင် သွားဖုံးမရောင်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ ကြော်ငြာနေတဲ့ ပါးစပ်ဆေးရည်တွေကတော့ ပါးစပ်မွှေးစေရုံထက် ဘာမှမထူးတတ်ပါဘူး။ ဒါကြောင့် သွားဆရာဝန်ကို မေးမြန်းပြီး ဝယ်ယူသင့်ပါတယ်။
6. သွားကြိတ်တတ်တာကို သတိပြုပါ။
သွားကြွေလွှာတွေ စားတာ၊ သွားကျဉ်တာ၊ ပါးစောင်မှာ အနာတွေဖြစ်တာတွေ ရှိနေခဲ့ရင် အိပ်နေတုန်း သွားကြိတ်တတ်လားဆိုတာကို သတိပြုသင့်ပါတယ်။ ဆရာဝန်က သွားမကြိတ်အောင် မတားဆီးပေးနိုင်ပေမယ့် သွားကြိတ်တဲ့အခါ ထိခိုက်မှုမဖြစ်အောင် သွားအထိန်း တပ်အိပ်စေပါလိမ့်မယ်။
7. သွားဆရာဝန်နဲ့ မှန်မှန်ပြပါ။
သွားတွေ ကြာကြာခိုင်ခန့် သန်မာအောင် သွားဆရာဝန်နဲ့ ပုံမှန်ပြသရပါမယ်။ ဒီလို ကြိုတင်ကာကွယ် ကုသခြင်းတွေ၊ သွားနဲ့ခံတွင်း သန့်ရှင်းရေးတွေ မှန်မှန်လုပ်ပါမှ ကျန်းမာတဲ့ သွားတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။
Dr. Mya Phoo Ngon
===========
DrMyanmar Health