အောက်ဆီဂျင်
ဒေါက်တာရှင်းသန့်ဖြူ
————————–
ကျွန်မတို့ဟာ အချိန်နဲ့အမျှ အသက်ရှူနေရပါတယ်။ ဒါပေမဲ့ တစ်နေ့တာလုပ်ငန်း တာဝန်တွေကြားမှာ အလုပ်များနေတဲ့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် အသက်ရှူနေတယ် ဆိုတာတောင် သတိထားမိတဲ့အချိန်တွေက နည်းလာပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ ရှိနေတဲ့လေကို သတိတောင် မပြုမိအောင် ဖြစ်နေကြပါတယ်။ ဒါကြောင့် ကိုယ်အမြဲရှူရှိုက်နေရ တဲ့ လေထု၊ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ကောင်းကျိုးပေးနေတဲ့လေထုကို အတတ်နိုင်ဆုံး သန့်စင်အောင် ထိန်းသိမ်းဖို့ တာဝန်ရှိသလို တန်ဖိုးထားဖို့လည်း လိုအပ်လှပါတယ်။
ကျွန်မတို့ ရှူရှိုက်လိုက်တဲ့ လေထဲမှာ အများဆုံးပါဝင်တဲ့ ဓာတ်ကတော့ အောက်ဆီဂျင် (oxygen)ပါပဲ။ အောက်ဆီဂျင်ဟာ ကျွန်မတို့ဘဝရဲ့ အရေးကြီးတဲ့ ဖြစ်စဉ်တော်တော် များများ မှာ အဓိကနေရာကနေ ပါဝင်ပါတယ်။ အောက်ဆီဂျင်ဟာ အသက်ရှင်သန်နေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအားတွေကို ထုတ်ပေးခြင်းဖြင့် အသက်ရှူခြင်းနဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းဖြစ်စဉ်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင်ဟာ ကမ္ဘာကြီးရဲ့မျက်နှာပြင်မှာ အများဆုံးစုဝေးနေပါတယ်။ တခြားဒြပ်တွေနဲ့ပေါင်းနေတဲ့ အောက်ဆီဂျင်ကို သတ္တုရိုင်းတွေ၊ ကမ္ဘာမြေကြီး၊ ကျောက်တုံးတွေနဲ့ ကျောက်မျက်ရတနာတွေအပြင် သက်ရှိအဖွဲ့အစည်းများမှာပါ တွေ့ရှိနိုင်ပါတယ်။
ကျောရိုးရှိသတ္တဝါတွေထဲမှာမှ အထူးသဖြင့် လူသားတွေဟာ သူတို့ရဲ့ဇီဝရုပ်ဖြစ်စဉ်တွေကို ထိန်းသိမ်းထား နိုင်ဖို့၊ ဘဝရှင်သန်နိုင်ဖို့အတွက် အောက်ဆီဂျင်ကို လိုအပ်လှပါတယ်။ လေကို ရှူသွင်းလိုက်တဲ့အခါမှာ လေထဲမှာပါလာတဲ့အောက်ဆီဂျင်ဟာ အဆုတ်ထဲကို ရောက်သွားပြီး အဆုတ်သွေးကြောတွေထဲမှာရှိတဲ့ Haemoglobin တွေက အောက်ဆီဂျင်ကို ဆက်လက်သယ်ဆောင်သွားပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရောက်စေပါ တယ်။ အဲဒီလိုပဲ သွေးထဲက မကောင်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကိုတော့ သွေးပြန်ကြောတွေက အဆုတ်ဆီကို ပြန်ပို့ပေးပြီး အသက်ရှူထုတ်ပေးခြင်းဖြင့် လေထုထဲကို လွှတ်ထုတ်ပေးပါတယ်။ ကျွန်မတို့ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (carbondioxide)ကို သစ်ပင်တွေက စုပ်ယူပြီး လေထုထဲကို အောက်ဆီဂျင်ကို ပြန်ထုတ်ပေးပါတယ်။
အောက်ဆီဂျင်၏ အကျိုးကျေးဇူးများ
ကျွန်မတို့ဟာ အစားမစားဘဲ တစ်လလောက်ထိ နေလို့ရပါတယ်။ ရေမသောက်ဘဲ ရက်အနည်းငယ်နေလို့ ရပါတယ်။ အောက်ဆီဂျင်မရှိဘဲတော့ ၄-၅ မိနစ်ထက် ပိုမနေနိုင်ကြပါဘူး။
အောက်ဆီဂျင်ဟာ ကျွန်မတို့ စားသုံးလိုက်တဲ့ ကစီဓာတ် (carbohydrate)၊ အဆီဓာတ်(fat)နဲ့ အသား ဓာတ်(protein)တွေကို လောင်ကျွမ်း စေပြီး စွမ်းအင်နဲ့ အပူအဖြစ် ပြောင်းလဲ စေတဲ့ဖြစ်စဉ်မှာ အကူအညီပေးပါ တယ်။ ကျွန်မတို့ရဲ့ အဆုတ်၊ နှလုံးနှင့် သွေးကြောအဖွဲ့အစည်းကြီးကနေပြီး အောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့တစ်သျှူး တွေဆီကို ပို့ပေးပါတယ်။ အောက်ဆီ ဂျင်ပမာဏသာ လျော့နည်းသွားမယ် ဆိုရင် စွမ်းအင်ထုတ်လုပ်မှုလည်း လျော့နည်းသွားဖွယ်ရာ ရှိပါတယ်။
အားကစား
အားကစားသမားတွေ အတွက် လေ့ကျင့်ခန်းမလုပ် ခင်နဲ့ လုပ်ပြီးတဲ့အချိန်မှာ အောက်ဆီဂျင် ကောင်းစွာ ရှိအောင် ပြုလုပ်ခြင်းဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို တာရှည်ခံစေပြီး စွမ်းအင် ပြည့်ဝဖို့ ယူရမယ့်အချိန်ကို လျော့နည်းစေပါတယ်။ အောက်ဆီဂျင်ဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ၊ အသား ဓာတ်တွေကို စုပ်ယူရာမှာ လည်း အကူအညီပေးတဲ့ အပြင် အဆီဓာတ်ကို လောင် ကျွမ်းစေပြီး စွမ်းအင်ထုတ် လုပ်ပေးတဲ့အတွက် အပြိုင် အဆိုင်နဲ့ အားအင်အပြည့် သုံးပြီး ကစားရတဲ့အားကစား သမားတွေအတွက် ထိရောက် တဲ့ စွမ်းအားကို ဖြစ်စေပါ တယ်။
အလုပ်
ဦးနှောက်ကိုသုံးပြီး အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ အောက်ဆီဂျင်ဟာ သူတို့ကို ထိရောက်တဲ့စွမ်းအင်တွေ ပေးနိုင်တယ်။ တွေးခေါ်နိုင်စွမ်းတွေကို မြင့်မားစေတယ်၊ မှတ်Óဏ်ကို ကောင်းစေတယ်၊ တုံ့ပြန်မှုတွေကို တိုးတက် စေတယ်ဆိုတာ သတိပြုရမှာ ဖြစ်သလို စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်း ကိုလည်း ဖယ်ရှားပေးနိုင်တယ်ဆိုတာ သိသင့်ပါတယ်။ ကာယနဲ့ လုပ်ကိုင် နေတဲ့သူတွေအတွက်လည်း ထိုနည်းတူပါပဲ။
ကျန်းမာရေးနဲ့ အလှအပ
အောက်ဆီဂျင်ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ဓာတ်တိုး ပစ္စည်းတွေကို ဖယ်ရှားရာမှာ ကူညီပေးခြင်းဖြင့် ကင်ဆာရောဂါနဲ့ တခြားရောဂါ များကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် လေမရှိမှ အသက်ရှင်နိုင် မယ့် ဗက်တီးရီးယားပိုးတွေကို ဖျက်ဆီးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးပါတယ်။
အောက်ဆီဂျင်နဲ့ အရေပြား
အောက်ဆီဂျင်ဟာ ကျန်းမာတဲ့အသားအရေ ဖြစ်အောင် ဆဲလ်ထဲထိ ဝင်ရောက်ပြီး ပြုပြင်ပေးနိုင်ပါတယ်။ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပေး ပါတယ်။ အရေပြားဟာ လူ့ခန္ဓာကိုယ်မှာ အကြီးမားအကျယ်ပြန့်ဆုံးအင်္ဂါ ဖြစ်ပါတယ်။ သူ့မှာ အလွှာနှစ်လွှာဖြစ်တဲ့ အပေါ်ယံအရေပြားလွှာနဲ့ အတွင်းပိုင်း အရေပြားလွှာတွေ ပါဝင်ပြီး သူတို့ကို အဆီလွှာက ပံ့ပိုးထောက်ကူပေးထား ပါတယ်။
အပေါ်ယံအရေပြားလွှာ(epidermis)မှာဆိုရင် ဆဲလ်အသေအပျက်အစီး တွေ ပါဝင်ပြီး သူတို့ဟာ အဆက်မပြတ် ကွာကျနေပါတယ်။ ဒါကို မျက်စိနဲ့ မမြင်နိုင်ပါဘူး။ အဲဒီအောက်အလွှာမှာတော့ အထဲမှာ အစက်အမှုန်ပါတဲ့ ဆဲလ် (granular cells)တွေဟာ ပရိုတင်းနဲ့ အမျှင်ကြမ်းပရိုတင်းတွေကို ထုတ်လုပ် ပေးပြီး အမွေးအမှင်နဲ့ လက်သည်းခြေသည်းတွေကို ဖြစ်စေပါတယ်။ အဲဒီ အောက်တစ်လွှာမှာတော့ ပြားနေတဲ့ခြောက်ထောင့်ပုံစံဆဲလ်တွေ ပါဝင်ပြီး နောက်ထပ်တစ်လွှာမှာတော့ ရှည်မျောမျောပုံစံဆဲလ်လေးတွေနဲ့ မယ်လနင်ဓာတ် (ရောင်ခြယ်ပစ္စည်း)ကို ထုတ်ပေးတဲ့ဆဲလ်တွေ ပါဝင်ပါတယ်။
အတွင်းအရေပြားလွှာမှာတော့ အမျှင်ပရိုတင်း၊ တွယ်ဆက်တစ်သျှူးနဲ့ အရေပြားကို တင်းရင်းစေတဲ့ဓာတ်တွေ ပါဝင်ပြီး အဲဒီအထဲမှာ အာရုံကြောမျှင် များ၊ အာရုံခံနေရာများ၊ ဆံချည်မျှင်သွေးကြောများ၊ ပြန်ရည်ကြောများ၊ ချွေးဂလင်းများ၊ မွေးညင်းအိတ်များလည်း အတူတကွ ရှိနေကြပါတယ်။ အဆီဂလင်းကတော့ အရေပြားနဲ့ မွေးညင်းတွေကို စိုပြည်ချောမွတ်စေပါတယ်။
အဲဒီတော့ ကျွန်မတို့ရဲ့ အရေပြားအလွှာတိုင်းမှာရှိတဲ့ ဆဲလ်တွေဟာ အသက်ရှင်ဖို့၊ ပွားနိုင်ဖို့၊ ပြန်လည်ပြုပြင်တည်ဆောက်မှုတွေ လုပ်နိုင်ဖို့ အောက်ဆီ ဂျင်ကို လိုအပ်လှပါတယ်။ ဒါကြောင့် အရေပြားမှာရှိတဲ့ဆဲလ်တွေကို အောက်ဆီ ဂျင်ကောင်းစွာရအောင် လုပ်ပေးပြီး မကောင်းတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် တွေကို စွန့်ထုတ်ပေးနိုင်အောင် လေကောင်းလေသန့်ရှူရှိုက်ရင်း၊ အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။
လေထုညစ်ညမ်းမှုမဖြစ်အောင် ကာကွယ်ခြင်း
– အမြဲတမ်းကျပ်ညပ်နေတဲ့ လမ်းတွေပေါ်မှာ အင်ဂျင်မကောင်းတော့တဲ့ စက်တပ်ယာဉ်တွေ ကို လျော့နည်းအောင် ပြုလုပ်သင့်ပါတယ်။
– သင့်ရဲ့ကား၊ ဆိုင်ကယ် စတဲ့ ယာဉ်တွေကို စက်ပိုင်းဆိုင်ရာ ကောင်းမွန်နေစေရန် ထိန်းသိမ်းပါ။ မီးခိုးတလူလူဖြစ်မနေပါစေနဲ့။
– စွမ်းအင်တွေကို ချွေတာစုဆောင်းပါ။ သဘာဝ ဓာတ်ငွေ့သုံးစွဲမှုကို အနည်းဆုံးဖြစ် အောင် လျှော့ချပါ။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကိုပါ လျှော့ချပါ။ ဖြစ်နိုင်ရင် လေအေးပေးစက် ပန်ကာ သို့မဟုတ် ယပ်တောင်ကို အစားထိုး ပါ။
– ပြန်လည်ပြုပြင်သုံးစွဲလို့ရတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုပါ။
– ပလတ်စတစ်အိတ်တွေကို သုံးစွဲဖို့ ငြင်းပယ် ပါ၊ လျော့သုံးပါ။ ဒါဟာ လေထုညစ်ညမ်းမှု ကို လျှော့ချနိုင်ရုံမက၊ ကမ္ဘာကြီးပူနွေးလာ မှု(global warming)ကိုပါ ဟန့်တားနိုင်ပါ တယ်။
– ဆေးလိပ်မသောက်ပါနဲ့၊ အမှိုက်တွေ မီးမရှို့ ပါနဲ့။
– အရောင်တင်ဆီအစား ရေဆေးကိုသာ ရွေးချယ်ပါ။
– မသုံးမဖြစ်မှသာ ကိုယ်ပိုင်ကားကို သုံးစွဲပါ။
– လမ်းလျှောက်ခြင်းအကျင့်ကို ပြုလုပ်ပါ။
– သစ်ပင်စိုက်ကြပါ။
လေထုညစ်ညမ်းစေတဲ့အကြောင်းတွေကို နာမည်တပ်ရရင် မကုန်နိုင်အောင် များလှပါတယ်။ ကျွန်မတို့ဘက်က နည်းနည်းလေး အားစိုက်ပြီး ကာကွယ်လိုက်တာနဲ့ လေထုညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေကို လျှော့ချဖို့ အကူအညီအများကြီး ဖြစ်ပါတယ်။ ဒါမှလည်း သန့်ရှင်းပြီး ကျန်းမာခြင်းနဲ့ ပြည့်စုံတဲ့ ပတ်ဝန်းကျင်က လေကို ရှူရှိုက်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်အခါမှာ သန့်စင်တဲ့လေထုကို ရှူရှိုက် ရဖို့ဆိုတာ တော်တော်ခဲယဉ်းပါတယ်။ ကားတွေ၊ စက်တွေ၊ စက်ရုံတွေကထွက်တဲ့ မီးခိုးတွေ၊ အမှိုက် တွေ မီးရှို့ရာကထွက်တဲ့ အငွေ့တွေ၊ အမှုန်အမွှား တွေ၊ ဆေးလိပ်ငွေ့တွေစတဲ့ အရာတွေဟာ လေထု ကို ညစ်ညမ်းစေပြီး ဒါတွေကို ရှူမိရင်တော့ ကျွန်မ တို့အနေနဲ့ အသက်ရှူလမ်းကြောင်းရောဂါ၊ အဆုတ် ရောဂါနဲ့ တခြားသော ကင်ဆာရောဂါများကို ခံစားရ နိုင်ပါတယ်။
ဒါကြောင့် ဒီနေရာကနေ သတိပေးလိုတာက တော့ ကျွန်မတို့နားမှာ သစ္စာရှိရှိနဲ့ ကျွန်မတို့ အသက် ရှင်ဖို့အတွက် ရှိနေတဲ့လေတွေကို တန်ဖိုးထားပြီး တတ်နိုင်သလောက် သန့်စင်တဲ့ အောက်ဆီဂျင်ဓာတ် တွေ ရရှိအောင် မိမိပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ပါပဲ။
ဒေါက်တာရှင်းသန့်ဖြူ