ကျန်းမာရေးဗဟုသုတ

အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်သည့် ဒန့်သလွန်ရွက်။

ဒန့်သလွန်ရွက်တွင် အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည့်အတွက် ပုံမှန်စားသုံးပါက အာဟာရဓာတ်ချို့တဲ့ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ယင်းတွင်ပါဝင်သော ပရိုတင်းဓာတ်များသည် ကလေးသူငယ်၊ နို့တိုက်မိခင်များနှင့် သက်ကြီးရွယ်အိုများအတွက် များစွာအကျိုးရှိပါသည်။ ထို့ကြောင့် ယခုအခါတွင် အာဟာရဓာတ်ချို့တဲ့သောနေရာများ၌ ဒန့်သလွန်ပင်များ စိုက်ပျိုးပြီး လူတွေစားသုံးရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ထို့အပြင် ၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ် (Johns Hopkins University) မှ လေ့လာတွေ့ရှိချက်အရ အာဖရိကတွင် ဖြစ်ပေါ်နေသော အာဟာရချို့တဲ့မှုကို တိုက်ဖျက်ရန်အတွက် အပင်ပေါင်း (၁၈) မျိုးကို လေ့လာရာတွင် ဒန့်သလွန်ရွက်မှာ အသင့်တော်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိစေရန် စားသုံးနည်းမှာ ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်ပြုတ်စားသုံးရာတွင် အပူကြာကြာပေးမိခြင်းဖြင့် ယင်းတွင်ပါဝင်သော အာဟာရဓာတ်များ ဆုံးရှုံးမှု ရှိ/မရှိ ကို ပညာရှင်များလေ့လာခဲ့ကြပါသည်။ ဟင်းခါးကို ပထမအကြိမ် ချက်ပြုတ်ရာတွင် အပူကြာကြာမပေးဘဲ ရေပွက်ပွက်ဆူပြီး (၁၀) မိနစ်ခန့်အကြာတွင် စားသုံးပါက အာဟာရဓာတ်များ အပြည့်အဝနီးပါး ရရှိနိုင်ပါသည်။ ဒန့်သလွန်ရွက်တွင် ပါဝင်သော ဗီတာမင်စီကဲ့သို့ အာဟာရဓာတ်များသည် အပူကြာကြာပေးခြင်းဖြင့် ပျက်စီးနိုင်သောကြောင့် စားသုံးနိုင်သည့် အတိုင်းအတာထိသာ အပူပေးသင့်ပါသည်။ ဟင်းခါးကိုပြန်နွှေးပြီး စားသုံးရာတွင်လည်း ပွက်ပွက်ဆူသည်အထိ အပူပြန်မပေးဘဲ ခပ်နွေးနွေးသာ အပူပေးပြီးစားသုံးရပါမည်။

Credit-Dr. Khin Maung Lwin – FAME

Leave a Reply

Your email address will not be published. Required fields are marked *