သင့်ရဲ့အဆုတ်ကို ကျန်းမာအောင် နည်းလမ်းကောင်းများ
လေ့ကျင့်ခန်း လုပ်ပါ-
ကိုယ်လက်လှုပ်ရှားမှု လုပ်တာဟာ နှလုံးနဲ့ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာလာလေ သွေးတွင်းကို အောက်ဆီဂျင်ရောက်တာများလေ ဖြစ်လာပါတယ်။
ဆေးလိပ်သောက်ရင် ဖြတ်ပါ-
ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါကနေ အစ ရင်ကြပ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ လေဖြတ်တာ၊ တခြားကင်ဆာတွေ၊ အရိုးပွတာတို့လည်း ဖြစ်နိုင်သေးပါတယ်။ ပန်းနာရင်ကြပ်နဲ့ နာတာရှည် အဆုတ်ရောဂါ နဂိုရောဂါအခံ ရှိရင်လည်းဆေးလိပ် သောက်တာက ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရှိသမျှ ကိုယ်တွင်းအင်္ဂါတိုင်းကို ဆေးလိပ်ငွေ့က ဒုက္ခပေးပါတယ်။
ဆေးလိပ်အစားထိုးဆိုပြီး vape သုံးတာမျိုးလည်း မလုပ်ပါနဲ့-
နောက်ပိုင်းမှာ စာတမ်းတွေ၊ သုတေသနတွေ၊ လက်တွေ့ တွေ့ရှိချက်တွေအရ vape သုံးတာကလည်း အဆုတ်ကို ပျက်စီးစေတာကို တွေ့လာရပါတယ်။
လေထုညစ်ညမ်းတာကို ရှောင်ပါ-
ကားမီးခိုးငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဖုန်မှုန့် စတာတွေက အဆုတ်ကို ထိခိုက်စေပါတယ်။ ကားအသွားအလာများတဲ့ လမ်းတွေဘေးမှာ လမ်းလျှောက်တာ၊ ပြေးတာ ရှောင်ပါ။ အပြင်ထွက်ရင် လေထုညစ်ညမ်းမှု ပမာဏကိုကြည့်ပြီး အရမ်းများတဲ့အချိန် အပြင်မထွက်ပါနဲ့။ အလုပ်မှာ လေထုညစ်ညမ်းမှုတွေရှိရင် mask တပ်ပါ။ အိမ်မှာ ဓာတုပစ္စည်း သုံးတာကို လျှော့ချပြီး ဖုန်များကို သန့်ရှင်းပါ။ အိမ်ကို လေဝင်လေထွက်ကောင်းအောင် ထားပါ၊ ပြတင်းပေါက်တွေ ဖွင့်ထားပါ။အမှိုက်မီးရှို့တာ၊ တောမီးလောင်တာတွေရှိရင် မရှုမိအောင် နေပါ။ အိမ်မှာ အနံ့ပါတဲ့ ဖယောင်းတိုင် ထွန်းတာတွေ ရှောင်ပါ။
ပိုးမဝင်အောင် ဂရုစိုက်ပါ-
တစ်ခါတလေ အရမ်းဆိုးရွားတဲ့ အဆုတ်ပိုးဝင်တာတွေက သာမန်အအေးမိတာလောက်ကနေ စတာပါ။ နမိုးနီးယားဆိုရင်လည်း အဆုတ်ကို ပိုးဝင်ပြီး ဖြစ်ပွားတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ပုံမှန်ဆေးပြီး ရောဂါပိုးမွှားတွေ မကူးစက်အောင် ကာကွယ်ပါ။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ-
အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ အသားစတာတွေက အဆုတ်အတွက် လိုအပ်တဲ့ အားအင်ကို ပေးလို့ အလုပ်ကောင်းကောင်း လုပ်စေနိုင်ပါတယ်။
အဖြစ်အများဆုံး အဆုတ်ရောဂါ အမျိုးအစားတွေကတော့ –
နာတာရှည် အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ နမိုးနီးယား စတာတွေ ဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသရပါမယ်။
မောနေတာ၊ တရွှီရွှီမြည်တာ၊ ရင်ဘတ်ထဲမှာ ကြပ်နေတာ၊ အချိန်အကြာကြီး ချောင်းဆိုးနေတာ၊ ချောင်းဆိုးရင် ချွဲ၊ သွေးတွေ ပါတာ၊ ခဏခဏ အဆုတ်ကို ပိုးဝင်တာ၊ ကိုယ်အလေးချိန်ကျသွားတာ စတာတွေရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
ဘယ်သူတွေက ပိုသတိထားရမလဲ?
ဆေးလိပ်သောက်တဲ့လူ၊ ဖုန်တွေ၊ ဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်း တွေနဲ့ ထိတွေနေသူတွေ၊ မိသားစုထဲမှာ အဆုတ်ရောဂါ ရှိတဲ့သူတွေမှာ အဆုတ်ရောဂါကို ပိုသတိထားဖို့ လိုပါတယ်။
Credit-Dr. Htar (www.drmyanmar.com)