ကျန်းမာရေးဗဟုသုတ

မှိုနတိုပင်၏ အစွမ်းထက် ဆေးဘက်ဝင်အသုံးများ

မှိုနတိုပင်သည် ရေစပ်စပ်ရှိသောနေရာများတွင် ပေါက်ရောက်ပြီး အရွက်ပုံစံ ထူးခြားသော အပင်လေးများအဖြစ် တွေ့မြင်နိုင်ပါ တယ်၊၊ သေးငယ်သော အရွက်လေးများသည် ရွက်လွာနှစ်ခု ကပ်လျက် မျက်နှာချင်းဆိုင် ထွက်နေတာ တွေ့ရတယ်၊၊ ပျော့ပြီးသေးငယ်သော ရိုးတံလေးများပေါ်တွင် အမြစ်မွားလေးများ ရှိပါတယ်၊၊ ရေတွင်တွားကာပေါက်သော အပင်မျိုး ဖြစ်ပြီး ပုံစံထင်ရှားပြီး လူတိုင်းသိနိူင်သော အပင်လေးများ ဖြစ်ပါတယ်။ မှိုနားတိုပင်ကို အချိုမျိုး နှင့် အချဉ်မျိုး ဆိုပြီး ၂ မျိုးခွဲခြားထားပေမယ့် အပင်ပုံစံမှာ အတူတူပင် ဖြစ်ကြောင်း တွေ့ရပါတယ်

မှိုနားတို အချိုပင်အား ဆေးဝါး အဖြစ်အသုံးပြုပုံများမှာ-

(၁) ချာချာလည်အောင် မူးဝေခြင်း

မှိုနားတို အချိုပင် အရွက်ကို ပြုတ်ကာ အကြမ်းပန်းကန်တလုံးစာတွင် သကြားကိုလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီးသောက်ပါက လေကို အကြောင်းပြု၍ မူးဝေခြင်း ရောဂါကို ပျောက်ကင်းစေပါတယ်၊၊

(၂) သွေးပုပ်ကျန် ရောဂါ

မှိုနာတို အပင်ကလေးများ ၁၀ ကျပ်သားခန့်ကို ရှောက်ရည် အကြမ်းပန်းကန် တလုံးစာခန့်နှင့် စိမ်ထားပါ။ (၁)ရက် (၂)ရက် ထားပြီးမှ ဆယ်ယူကာ ကြက်သွန်ဖြူ၊ နှမ်းဆီချက်နှင့် လက်သုပ်သုပ် စားပါက အမျိုးသမီး များ ဓမ္မတာ သွေးပုပ်ကျန် ရောဂါကို သက်သာပျောက်ကင်းစေကြောင်း တွေ့ရပါတယ်၊၊

(၃) ကလေးများ လေဆန်နာ

မှိုနားတို အချိုပင်အရွက်ကို ပြုတ်ပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတွင် ဆား ၂ပွင့်ခန့်ခပ်ပြီး တိုက်ကျွေးနိုင်ပါတယ် ။

(၄) ကလေးများ ရင်ပြည့်ရင်ကယ်ခြင်း

မှိုနားတိုပင် အချိုရွက်ကို ကွမ်းရွက်၊ နနွင်းမှုန့်တို့ဆတူရောကြိုတ်ကာ မိခင်နို့ရည်နှင့် ဆတူ ရော ပြီး လက်ဖက်ရည်ဇွန်ူး နှင့် (၁) ဇွန်း တိုက်ပေးနိုင်ပါတယ်။

မှိုနားတို အချဉ်ပင်ရဲ့ အာနိသင်နဲ့ အသုံးပြုပုံ

အချိုပင်ကဲ့သို့ ပုံစံတူပြီး အရသာမှာ ချဉ်သေ အရသာရှိသည်။ ဆေးဝါးအဖြစ် အသုံးများကြပြီး အဟာရအဖြစ် စားသုံးမှု နည်းပါးကြပါတယ်၊၊ အချဉ်ပင်သည် တိုင်းရင်ဆေးပညာ သဘောအရ ချဉ်သောအရသာရှိ ကာ အေးသည်၊ အပူကို ငြိမ်းစေသည်။ ဝမ်းမီးတောက်စေသည်၊ နှုတ် ခံတွင်း ကိုမြိန်စေသည်။ နှလုံးကို အားပေးသည်။ သွေးကို ချုပ်စေသည်။ အရွတ်ကို ညစ်သော အရည်(သတ္တူရည်)သည် အကြောများကို တွန့်ရှုံ့စေသည်၊။ ချဉ်ပြီး အေးသော သတ္တိရှိကာ စအိုကျခြင်း၊ ပဒိုင်းသီးစားမိကာ မူးဝေခြင်း၊ ရောင်ရမ်းခြင်း၊ အစာမကြေခြင်း၊ သွားဖုံးရောင်ခြင်း၊ ရင်ပတ်နာခြင်းတို့ကို ပျောက်ကင်းစေသည်။ အထူးသဖြင့် မျက်စိရောဂါကို ပိုမို အကျိုးပြုကြောင်း တွေ့ရပါတယ် ။

ရောဂါဝေဒနာ အလိုက်မှိုနားတို ချဉ်ကို အသုံးပြုပုံများ-

(၁) စအိုကျ- စအိုလျှော၊ စအိုထွက် ခြင်း

မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သော အရည်ကို ထောပတ်နှင့် ချက်ပါ။ စအိုတွင်းမှ ထွက်ကျနေသော အူကို လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

(၂) ပဒိုင်းသီးစားမိပြီး မူးဝေနေသော လူနာကို ပဒိုင်း အဆိပ်ပြေစေရန် ပေးခြင်း

မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သောအရည်ကို တိုက်ပေးပါက ပဒိုင်း အဆိပ်ပြေစေပြီး မူးဝေနေမှု သက်သာပျောက်ကင်းစေပါတယ်။

(၃) ရောင်ရမ်းခြင်း

ထိခိုက်ဒဏ်ရာရကာ ရောင်ရမ်းခြင်း၊ အနာများ ငန်းမန်းလိုက်ကာ ရောင်ရမ်းခြင်းကို မှိုနားတို အချဉ်ရွက်ကို ကြိတ်ပြီး ရောင်သောနေရာကို အုံပေးလျင် အရောင်ကျပြီး သက်သာပျောက်ကင်းစေပါတယ်၊၊

(၄) အစာမကြေရောဂါနှင့် ဝမ်းကိုက်ရောဂါ

မှိုနားတို အချဉ်သည် ဝမ်းမီးကို တောက်စေသောကြောင့် ဝမ်းမီးနုံပြီး ဖြစ်တတ်သော အစာမကြေခြင်းနဲ့ ဝမ်းကိုက် ဝမ်းပျက်ခြင်း ရောဂါတွင် အရွက်ကို ကြက်သွန်ဖြူ၊ နှမ်းဆီနှင့် သုပ်စားပါက သက်သာပျောက်ကင်းစေသည်၊၊

(၅) မျက်စေ့ နာရောဂါ

မျက်စေ့နာပါက မှိုနားတိုအချဉ်အရွက်ကို ကြိတ်ပြီး ညစ်ရသော အရည်(သတ္တုရည်) ကို မျက်စဉ်းခပ်ပေးနိုင်ကြောင်း တွေ့ရတယ်၊၊ မျက်ကွင်းဆေး အနေနဲ့ဖော်စပ်အသုံးပြုလိုသူတို့အတွက် ဆေးနည်း လက်ဆောင်ပေးလိုက်ပါတယ်၊၊ (၁) ငါးကြင်းသည်းခြေ ။ (၂) ငရံ့သည်းခြေ (၃) မှိုနာတိုချဉ် (၄)နနွင်းစိမ်း အားလုံး ကို အလေးချိန် ဆတူ ရောစပ်ပြီး ကျောက်ချဉ်သွေးရည်နဲ့ကြိတ်ကာ အတောင့်ပြုလုပ် ထားပါ။ ဆေးတောင့်ကို သွေးကာ မျက်စေ့ ဘေးပတ်လည်ကို ကွင်းပေးနိုင်ပါတယ်၊။ မျက်စေ့နာ မျက်စေ့ရောင်ခြင်း ကိုက်ခြင်း အောင့်ခြင်းကို သက်သာပျောက်ကင်းစေသော ဆေးနည်း တခုပါ၊၊ ထိုဆေးတောင့်ကိုပင် အမှုန့်ပြုကာ မီးခဲတွင်ဖြူးပြီး အငွေ့ကို ရှုပေးပါက မျက်စေ့၊ မျက်ရိုး၊ နားထင်၊ ခေါင်းများ ကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၆) သွားဖုံးရောင် ရောဂါ

မှိုနားတို အချဉ်အရွက်ကို ထောင်းပြီး အရည်ညစ်ကာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အချိုနှင့်အချဉ် အရွက်များကို နေရိပ်တွင် လှမ်းကာ အမှုန့် ပြုပြီး ရောစပ်ကာ သွားဖုံးရောင်သောနေရာကို သိပ်ပေးပါကလဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

(၇) မန်းဆေးများတွင် ထည့်သွင်းအသုံးပြုခြင်း

မှိုနားတိုချဉ်သည် အနာငန်းမန်းကို နိုင်သဖြင့် မန်းဆေးများတွင် ထည့်သွင်း ဖော်စပ်ကြပါတယ်၊၊

(၈) အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း

အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း ရောဂါတွင်လည်း အသုံးပြုကြပါတယ်၊၊

(၉) ဆီးချို သွေးချို ရောဂါတွင် အသုံးပြုခြင်း

ဆီးချိုသွေးချို ရောဂါသည် တိုင်းရင်းဆေးပညာသဘောအရ ဝမ်းမီးပျက်ခြင်းမှ စတင်ကြောင်းတွေ့ရပါတယ်၊၊ မှိုနတိုချဉ်ရဲ့ ဝမ်းမီးတောက် အစာကြေခြင်း သတ္တိကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များကို ဓါတ်စာအဖြစ် ပေးနိုင်ပါတယ်။

အပင်ရဲ့ပုံစံ ထူးခြားသလို အစာအဟာရ အနေနဲ့သာမက ဆေးဝါးအဖြစ်ပါ သုံးစွဲနိုင်သော မှိုနားတိုပင်ရဲ့ အကြောင်းကို လက်လှမ်းမှီသမျှ စုဆောင်း ရေးသားပါတယ်။ နောက်ထပ်မံ သိရှိပါကလဲ ဖြည့်စွတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊၊

Credit-ဝင်းသူရညွန့်

Leave a Reply

Your email address will not be published. Required fields are marked *