ကျန်းမာရေးဗဟုသုတ

ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ

ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ

ခြေထောက်လေးတွေ ခဏတာဖောနေခြင်းဟာ ငန်တဲ့အစားအစာတွေစားခြင်းနှင့် အကြာကြီး မတ်တတ်ရပ်ခြင်းတို့ရဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုအချက်တွေ မပြုလုပ်ထားဘဲ ဖောရောင်နေခြင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁)သွေးပြန်ကြော စွမ်းဆောင်ရည် ကျဆင်းခြင်း

ခြေထောက်ရှိ သွေးပြန်ကြောတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ပါက သွေးတွေ ကောင်းစွာ စီးဆင်းနိုင်တော့မှာ မဟုတ်တဲ့အတွက် ခြေထောက်နှင့် ခြေကျင်းဝတ်တွေမှာ စုပုံနေတတ်တာမို့ ခြေထောက်တွေ ဖောရောင်နေစေပါတယ်။

(၂)သွေးခဲခြင်း

သွေးပြန်ကြောများ ပိတ်ဆို့နေခြင်းဟာ သွေးတွေကို ပုံမှန်စီးဆင်းနေကျအတိုင်း ကောင်းစွာမစီးဆင်းစေပဲ စုပုံနေစေတဲ့အတွက်သွေးကြောအတွင်း ဖိအားတွေ ဖြစ်ပေါ်ပြီး သွေးကြောပတ်လည်ရှိ တစ်ရှူးတွေဆီသို့ အရည်တွေ တွန်းပို့သလို ဖြစ်စေပါတယ်။ခြေထောက်အတွင်းဘက်ရှိ သွေးပြန်ကြောတွင် သွေးထဲပိတ်ဆို့ခြင်းကို Deep Vein Thrombosis (DVT) လို့ခေါ်ပါတယ်။ ထို DVTဟာ သွေးခဲတွေ ပြုတ်ထွက်သွားပါက အဆုတ်ဆီသို့ ရောက်ရှိပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

(၃)နှလုံးပြဿနာများ

နှလုံးပြဿနာကြောင့် သွေးများကို ကောင်းစွာမညှစ်နိုင်တဲ့အခါတွင်လည်း ခြေထောက်နှင့် ခြေကျင်းဝတ်တွေဆီမှာ သွေးတွေစုပုံနေတတ်ပါတယ်။ ဒါကြောင့် သင့်ခြေထောက်တွေ ဖောရောင်နေတဲ့အပြင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးနှာချေခြင်း၊ ရင်တုန်ခြင်းနှင့် မောပန်းခြင်းတို့ကိုပါ တွဲဖက်ခံစားနေရပြီဆိုပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

(၄)ကိုယ်ဝန်ရှိခြင်း

သားအိမ်ထဲတွင် သန္ဒေသားလေး ရှိနေခြင်းကြောင့် ဝမ်းဗိုက်ရှိ သွေးပြန်ကြောတွေကို ဖိမိနေတတ်ပါတယ်။ ဒါကြောင့်လည်း သွေးတွေဟာ ခြေထောက်နှင့် ခြေကျင်းဝတ်များတွင် စုပုံနေတတ်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကြောင့် ကိုယ်ဝန်ဆိပ်တက်သူ အမျိုးသမီးတွေမှာဆိုရင် ခြေထောက်တွေ အလွန်အမင်း ဖောနေတာကို တွေ့ရပါလိမ့်မယ်။

(၅)အသည်းနှင့်ကျောက်ကပ်ပြဿနာများ

နာတာရှည်အသည်းရောဂါရှိသူတွေမှာဆိုရင် အသားဝါခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ လက်ဖဝါးများရဲနေခြင်းနှင့် ခြေထောက်များဖောခြင်းကို ကြုံတွေ့တတ်ပါတယ်။ အလားတူပဲ ကျောက်ကပ်မကောင်းသူတွေမှာဆိုလည်း ခြေထောက်တွေ ဖောရောင်နေတတ်ပါတယ်။

(၆)လူနေမှုပုံစံ

နေ့စဉ်အစားအစာတွင် အငန်ကြိုက်သူများအနေနှင့် ကိုယ်ခန္တာကနေ ရေများကို ပြန်လည်ဆွဲထားသောကြောင့် ခြေထောက်များဖောခြင်းရှိသလို အထိုင်များသူများ၊ အဝလွန်နေသူများတွင်လည်း သွေးလှည့်ပတ်မှု အားနည်းရာကနေ ခြေထောက်များ ဖောရောင်နိုင်ပါသေးတယ်။

Credit-လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com) 

Leave a Reply

Your email address will not be published. Required fields are marked *