အိမ်မှာ အပင်လေးတွေစိုက်ထားရင် ပိုးသတ်ဆေးအစား ဆန်ဆေးရည်သုံးမယ်
စရိတ်နည်း ဖို့ ဒီလိုအစပြုပါ။ ပိုးသတ် ဆေးကင်း ရောဂါကင်းပေါ့။ သင့် အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမယ့် နေရာတစ်ခုခုမှာ မသုံးစွဲပဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။အထူးသဖြင့် သင်ဟာစိုက်ပျိုးရေးနဲ့ ပါတ်သက် ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့ တောင် ဆင်ခြင်သင့်ပါတယ်။
ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင် သက်ရှိများကို အကျိုးပြုနိုင်သော ဓါတ်အဟာရတွေမြောက်များစွာ ပါဝင်နေပါတယ်လို့သာ အလွယ်မှတ်လိုက်ကြပါစို့။ အိုမင်းရင့်ရော်ခြင်းကိုဟန့်တားစေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ သွားတွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ ဆံပင်တွေတဖန်ပြန်ပြီး မဲနက်လာစေနိုင်ခြင်းဆိုတဲ့အစွမ်း အာနိသင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။
စိုက်ပျိုးရေးနဲ့ ပါတ်သက်သည်များကို အဓိကထား တင်ရမယ်ဆိုရင်လည်း များပြားလှစွာသောအကျိုးများကို ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာမလိုပါဘူး။ ဆန်ဆေးရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲရုံသာဖြစ်ပါတယ်။ အရင်ဦးဆုံး ဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်ဗူး အလွတ်ထဲမှာထည့် အဖုံးကို မလုံ့တလုံထား။ အေးပြီး ခြောက်တဲ့နေရာမှာ (7)ရက်ထားလိုက်ပြီးရင် ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ ထိုအရည်ကို (၆)လခန့်အထိ အေးပြီး ခြောက်တဲ့နေရာမှာ သိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ ပြုလုပ်သိမ်းဆည်းသူရဲ့ သန့်ရှင်းမှု၊ ရာသီဥတု အပူအအေးပေါ် မူတည်ပြီး အထားခံတဲ့ ရက်ကွာ ခြားသွားနိုင်ပါတယ်။
ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက်ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့် အပင်အတွက် အကျိုးဖြစ်ထွန်းစေသော အခြားဓါတ် ပေါင်းမြောက်များစွာလည်း ပါဝင်နေပါတယ်။
ဆန်ဆေး အချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များကို ပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။ မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည် ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးစနစ် အတွက်ဖြစ်စေ၊ စရိတ်နည်းသော စိုက်ပျိုးရေးအတွက်ဖြစ်စေ ပထမဦးဆုံးစတင်စုဆောင်းရမည့် ကုန်ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင် ဖြစ်ပါသည်။
ချမ်းသာကြပါစေ
ခွန်တူး