ကျန်းမာရေးဗဟုသုတ

အစာအိမ်ရောဂါ ဆန်ပြုတ်သောက်ပြီးကုပါ

အစာအိမ်ရောဂါ ဆန်ပြုတ်သောက်ပြီးကုပါ

ကြည်လွင်မြင့် (မုဒြာ)

အစာအိမ်ရောဂါ သည် အလုပ်ရှုပ်သူနှင့် စိတ်တိုသူ များတွင် အဖြစ်များသော ရောဂါဖြစ်သည်။ အစာအိမ်သည် စိတ်နှင့် ဆက်သွယ် နေသည်ဟု အဆိုရှိသည်။

အစာအိမ်ရောဂါ ဝေဒနာသည် တောလက်ကျေးရွာ များတွင် အဖြစ်နည်းပြီး မြို့ကြီးပြကြီး လူနေထူထပ်သည့် နေရာတွင် နေထိုင်ရသူ များ၌ ပို၍ အဖြစ်များသည်။ လူရှုပ် ၊ စိတ်ရှုပ် ၊ အစားမမှန် ၊ အအိပ်မမှန်သူ များတွင် ဖြစ်လေ့ ရှိသည်။ အစာအိမ်ရောဂါကို ပြိုင်ဆိုင်မှုရောဂါ ဟုလည်း ပြောကြာသည်။ လူတစ်ဖက်သား ကို အနိုင်ရလို၍ ပြိုင်ဆိုင်မှုမှ အစာအိမ်ရောဂါ ဖြစ်နိုင်သည်။ကမ္ဘာကြီးပေါ်တွင် ပြိုင်ဆိုင်မှု လွန်ကဲနေသည်။ နည်းပညာအရလည်း ပြိုင်သည်။ ငွေကြေး ဥစ္စာဓန အတွက်လည်း ပြိုင်သည်။ ပိုင်ဆိုင်မှု အတွက် ပြိုင်ဆိုင်မှုကြောင့် လူတစ်ဦးချင်း တိုက်ခိုက်မှုမှ အုပ်စုလိုက် ၊ ထို့နောက် နိုင်ငံလိုက် စစ်ပွဲများအထိ ဖြစ်လာကြသည်။

စိတ်မချမ်းရသော လူတစ်ဦးတွင် ပထမဦးဆုံး ဝင်လာသောရောဂါ မှ အစာမကြေရောဂါ ဖြစ်သည်။ မကြေသော အစာကြောင့် အစာအိမ်ရောင် စေသည်။ ဗိုက်နာခြင်း ၊ အော့အန်ခြင်း ၊ လေထိုး လေအောင့် ဖြစ်ခြင်း စသည်တို့ ခံစားရပြီးနောက် ဝမ်းချုပ်ခြင်း ၊ စမြင်းခံခြင်း သို့မဟုတ် အစာမကြေ ဝမ်းပျက်ဝမ်းကိုက် ဖြစ်ခြင်းများ ဆက်တိုက်ဖြစ်လာ နိုင်သည်။ ဝမ်းမကောင်းသော သူတွင် ခေါင်းအုံ ၊ ခေါင်းကိုက်ခြင်း နှင့် နောက်ကျောတက်ခြင်း ၊ ဇက်ကြော ထိုးခြင်းများ ဖြစ်လာသည်။ ထို့နောက် စိတ်မကြည်လင်ခြင်း ဖြစ်မည်။ ဤဖြစ်ရပ်များ အားလုံး၏ အစသည် အစာအိမ်မှ ဖြစ်သည်။ တချို့က အစာအိမ်ရောဂါကို လေရောဂါဟု ပြောကြသည်။ မဟုတ်ပါ။ အစာမကြေ၍ လေဖြစ်လာရခြင်း ဖြစ်သည်။ လေထိုး၍ နာခြင်းမဟုတ် ၊ အစာအိမ်ရောင်၍ နာခြင်း ၊ အစာအိမ်တွင် အနာဖြစ်၍ နာခြင်း ဖြစ်သည်။

အစာအိမ် မကောင်းသူသည် ကောက်ညှင်း ၊ ဆန်စေး စသော ကြေခဲသော အစာများစားမိလျှင် အစာအိမ်တွင် မကြေနိုင်ဘဲ အချိန်ကြာမြင့်စွာ နေသည်။ နာရီဝက်အတွင်း ကြေရမည့် အစာမှာ တစ်နာရီကျော် အထိ အစာအိမ်တွင် ရှိနေလျှင် အစာအိမ်နှင့် ဝမ်းဗိုက်အတွင်း ကြွက်သားများ တောင့်တင်းပြီး ဗိုက်နာလာ တတ်သည်။ ဝမ်းဗိုက်ကြွက်တက်ပြီး အန်လျှင် စားထားသော အစာများ ပြန်ထွက်လာ တတ်သည်။

အစာအိမ်နံရံမှ အနာငယ်လေး များမှာ ကျောက်ပေါက်မာ ခွက်ငယ်ကဲ့သို့ ချိုင့်ကလေးများ ရှိနေသည်။ ၎င်းချိုင့် ကလေးများသည် အသားနုမတက်မီ အနာကလေးများ နှင့်တူသည်။ အကြော်အလှော် အစလေးများ အနာတွင် ကပ်ငြိပြီး စူးသောအခါ ရင်ထဲမှပူပြီး ဗိုက်နာတော့သည်။ အစာခြေရည်တွင် အက်စစ်ဓာတ်များ လျှင်လည်း ၎င်းအနာလေး များတွင် လောင်ပြီး ဗိုက်ထိုးအောင့် တတ်လေသည်။ စိတ်တိုသူများတွင် အစာမရှိဘဲ အစာအိမ်တွင် အက်စစ်ထွက်ပြီး ပြန်လောင်ကာ ဗိုက်အောင့်တတ် လေသည်။

ရှေးက မြန်မာသမားတော် ကြီးများသည် အစာအိမ်ရောဂါ ကို ဆေးမပေးဘဲ ဓာတ်စာဖြင့်သာ ကုသလေ့ ရှိသည်။ အစာအိမ်ရောဂါ အတွက် ဆေးမရှိ ၊ ဓာတ်စာ (အစာ)ဖြင့်သာ ကုရမည်ဟု ဆိုသည်။ အစာလည်းဆေး ၊ ဆေးလည်း အစာ ဟု ဆိုကြသည်။ ဆရာကြီးများ ပေးသော အစာအိမ်အတွက် ဆေး(အစာ) မှာ ဆန်ပြုတ် အမျိုးမျိုးသာ ဖြစ်ကြောင်း တွေ့ရသည်။

ဆန်ပြုတ်နှင့်ပတ်သက်၍ ကိုယ်တွေ့ တင်ပြရလျှင် စာရေးသူ၏ ဖခင်သည် နယ်သတင်းထောက် တစ်ဦးဖြစ်သည်။ သတင်းနောက် လိုက်နေလျှင် စားချိန်မှန်းမသိ။ လက်ဖက်ရည် တစ်ခွက်နှင့် တစ်နေကုန် နေလေ့ရှိသည်။ ကင်မရာတစ်လုံး ပုခုံးလွယ်လျက် နံနက်စာ ၊ ညစာ ပေါင်းစားခဲ့သော ရက်များလာသော အခါ အစာအိမ်နာ ရောဂါ ဖြစ်တော့သည်။ အစာအိမ် နာလာလျှင် စားဆိုဒါ လက်တစ်ခုပ်ကို ရေတစ်မှုတ် နှင့် သောက်ပြီး သတင်းနေတာက် ဆက်လိုက်နှင့် ပေပေတေတေ နေခဲ့ရာ ဆေးရုံတက်ရမည့် အခြေအနေ သို့ ရောက်ခဲ့သည်။

စာရေးသူတို့ နေထိုင်ရာ ဥက္ကံမြို့လေး မှာ ဆေးရုံမရှိ ၊ ရန်ကုန်ဆေးရုံကြီး နှင့်လည်း မိုင် ၆၀ ကျော်ဝေးသဖြင့် တော်ရုံနှင့် သွားပြရန်မလွယ်။ ထို့ကြောင့်လည်း ဖခင်ကြီးသည် အရပ်သုံးဆေးမြီးတို ၊ စားဆိုဒါနှင့် ပေနေခြင်း ဖြစ်သည်။ စာရေးသူ၏ ဖခင်ကို မိခင်ကြီးက ထမင်း မကျွေးတော့ဘဲ နံနက် ၊ ည ဆန်ပြုတ် ပြောင်းတိုက်သည်။ ငါးကိုပြုတ် အသားထွင်ပြီး ဆန်ပြုတ်တွင် ထည့်ပြုတ်သည်။ ဆန်ပြုတ်ကိုလည်း ကြေနေအောင် ပြုတ်ရင်း ခြေပေးသည်။ ကြေညက်နေမှ တိုက်ကျွေးသည်။

တစ်ပတ် (ခုနစ်ရက်)ခန့် ဆန်ပြုတ် သောက်သောအခါ အစာအိမ်နာမှာ သက်သာလာသည်။ ထိုအခါမှ ငါးကြော် ၊ ကြက်သားကြော် အနည်းငယ် ကျွေးသည်။ တစ်လခန့် ကြာသည်အထိ ငရုတ်သီးပါသော ဟင်းအစပ်များကို မကျွေးခဲ့။ ဤသို့ဖြင့် အစာအိမ်နာ သက်သာ ပျောက်ကင်းခဲ့ လေသည်။ စာရေးသူ ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် ရင်ညွန့်မှ ပူအောင့်ပြီး အစာမရှိလျှင်လည်း နာ၊ အစာစားပြီးလည်း နာနှင့် အစာအိမ် ရောဂါ ဖြစ်ခဲ့ဖူးသည်။ ဆရာဝန်ကြီးများနှင့် ပြသသောအခါ အစာအိမ်မှ အထွက် အူသိမ်ဦးပိုင်းတွင် ဖြစ်သောအနာ DU (Duodenum Ulcer)ဖြစ်ကြောင်း သိရသည်။ အစာအိမ် ဆေးမျိုးစုံ သောက်ခဲ့ရပြီး နောက်ဆုံးတွင် ဖခင်ကြီးကဲ့သို့ ပင် ထမင်းဖြတ်ပြီး ဆန်ပြုပြောင်း သောက်မှ သက်သာခဲ့ရဖူးသည်။

ဆန်ပြုတ်သည် ကစီဓာတ်ဖြစ်ပြီး အစာအိမ် အရောင်ကျစေသည် သာမက စွဲစွဲမြဲမြဲ သောက်လျှင် အစာအိမ်မှ အနာငယ်များ ကိုလည်း အနာကျက်စေနိုင်သည်။ ထမင်းစားရ သကဲ့သို့ တင်းတိမ်မည် မဟုတ်သော်လည်း အားမပြတ်စေရန် ဆန်ပြုတ်ကို ကြေညက်အောင် ပြုတ်ပြီး တစ်နေ့လျှင် လေးကြိမ် ၊ ငါးကြိမ် သောက်ပေးသင့်သည်။ သက်ကြီးရွယ်အို များတွင် အစာခြေအား ဝမ်းမီးအား နည်းသွားသောအခါ နွားနို့နှင့် ဆန်ပြုတ်ရော၍ ယာဂုပြုလုပ်၍ နံနက်စောစော တိုက်ပေးလျှင် အားပြည့်ပြီးနောက် စားမည့် အစာများကို ကြေစေသည် ဟု ဆိုသည်။

တုပ်ကွေးဖျား ၊ နလန်ထ အစားပျက်နေသူ များကို အားပြည့်စေရန် ကြက်သားဆန်ပြုတ် ၊ ဘဲသားဆန်ပြုတ် ပူပူလေးတွင် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပြီး သောက်စေလျှင် အမြန်နလန်ထ စေသည်။ ဝမ်းပျက် ဝမ်းလျှော၊ ဝမ်းကိုက်သူများ အတွက်ဆိုလျှင် ဆန်ပြုတ်ကို ရေခန်းအောင် ကော်ကဲ့သို့ ခပ်ပျစ်ပျစ်ကလေး ကျိုပြီး ထန်းလျက်ရည် ဆမ်း၍ ဆားအနည်းငယ် ထည့်၍တိုက်လျှင် သက်သာပြီး အားဖြစ်စေသည်။ အစာစားပြီးတိုင်း အော့အန်သူ များကို ဆန်မှုန့်ထောင်း၍ ခပ်ပျစ်ပျစ် ကျိုသည့်အထဲတွင် နို့မှုန့်နှင့် သကြား အနည်းငယ် ထည့်တိုက်လျှင် အစာကြေပြီး အအန် သက်သာစေသည်။

လေချဉ်တက်သူ ၊ လေအန်သူ များကို ဆန်ကွဲလက်တစ်ဆုပ် အိုးငယ်တွင် လှော်ပြီး နှမ်းဆီ တစ်ပေါက်ထည့် ရေမတ်ခွက် နှစ်ခွက်ထည့် ၊ ကြက်သွန်နီ အနေတော် နှစ်ဥ အခွံနွှာထည့်ပြီး ရောပြုတ်ပါ။ ဆားအနည်းငယ် ထည့် ၊ ရေတစ်မတ်ခွက် ကျန်သည်အထိ ပြုတ်လွှင် ကြက်သွန်နီ ဥလည်း နူးပြီးဖြစ်သည်။ ကြက်သွန်မှ ထွက်သော အရည်ကြောင့် ဆန်ပြုတ်မှာ အဝါရောက်သန်း နေမည်။ ၎င်းဆန်ပြုတ်ကို ညနေစောင်း အချိန်တိုင်း ခုနစ်ရက်ခန့် တိုက်ပေးလျှင် လေနာအမြစ်ပြတ် သည်ဟုဆိုသည်။

အိပ်ယာထဲလဲနေသူ ၊ အစာမဝင်သူ ၊ လေဖြတ်ထားသူ ဆေးရုံပေါ်တွင် အစာကို ပိုက်မှ သွင်းရသူများ အတွက် အားဖြစ်စေသော ဆန်ပြုတ်မှာ ဆန်ကြမ်း လက်တစ်ဆုပ်တွင် ပဲရာဇာ (ပဲနီလေး) လက်တစ်ဆုပ် ရောပြုတ်ပါ။ ပဲရာဇာ သည် အလွန် ကြေညက်လွယ် သည်။ အကြောအခြင် များကို အားရှိစေပြီး လေဖြတ် ဝေဒနာသည် များနှင့် သင့်လျော်သည်။ အကြောပျော့သော ကလေးငယ်များ ကိုလည်း ပဲရာဇာ ဆန်ပြုတ် တိုက်ပေးသင့်သည်။

မှိုဆန်ပြုတ်ကို ဥရောပ အစားအသောက် ဆိုင်ကြီးများ နှင့် အဆင့်မြင့် စားဖိုမှူးကြီးများ ရှိသော ဟိုတယ်များတွင် တွေ့ရသည်။ ဟိုတယ် မီနူးများတွင် Mushroom Soup ဟု ရေးသားထားသည် ကို တွေ့ရသည်။ မှို အမျိုးမျိုးတို့သည် ကိုယ်ခံအားကို မြှင့်တင်ပေးသည်။ မှုဆန်ပြုတ် သောက်လျှင် ကိုယ်ခံအားကို တိုးစေနိုင်သည်။အစာမစားမီ ဗိုက်ဆာစေရန် ၊ အစာအိမ်မှ လေရှင်းရန် ကြိုတင် သောက်ပေးခြင်းဖြင့် အစာစားချင်စိတ် ဖြစ်ပေါ်စေသည် ဟု ဆိုသည်။ အစာမကြေ ရောဂါရှိသူများ မှာ ဆန်ပြုတ်ကို အစာစားပြီးးမှ သောက်သင့်သည်။

ငါးရံ့ဆန်ပြုတ်ဟင်း သည် မြန်မာတို့အကြိုက် ဟင်းလျာဖြစ်သည်။ ငါးရံ့ဟင်းကို ဆန်လှော် ၊ စပါးလင် ၊ ချင်း တို့ဖြင့် မွှေးကြိုင်အောင် ပြုတ်ပေးသဖြင့် ခံတွင်းတွေ့ပြီး နှုတ်ကို မြိန်စေသည်။ စပါးလင် နှင့် ချင်းသည် ဝမ်းမီးကို တောက်စေသည်။ အစာကို ကြေစေနိုင်သည်။ အဆီချလိုသူ ၊ ဝိတ်ချလိုသူ များမှာ ညစာမစားဘဲ ညအိပ်ရာဝင်ချိန်တွင် ဆန်ပြုတ် တစ်ခွက် သောက်သင့်သည်။ ညစာ လုံးဝရှောင်လျှင် လေပွပြီး ညအိပ်မပျော် ဖြစ်နိုင်သဖြင့် ဆန်ပြုတ် သောက်ပေးခြင်းဖြင့် အိပ်ပျော် စေနိုင်သည်။

ဆန်ပြုတ်သည် ဆေးတစ်ပါး ဖြစ်သည်။ အစာအိမ် ရောဂါ ၊ လေနာရောဂါ ရှိသူများ အတွက် ထမင်းဟင်း ရှောင်ပြီး ၁၀ ရက်ခန့် ဆန်ပြုတ်သောက် သင့်သည်။ ဆရာဝန်ကြီးများ အဆိုအရ အစာအိမ် အူသိမ်ဦးပိုင်း အနာ DU (Duodenum Ulcer) ရှိသူများပင် အဆီ ၊ အသားများ ရှောင်ပြီး ဆန်ပြုတ်သောက်လျှင် ရင်ပူအောင့်နာ ပျောက်ကင်း စေနိုင်သည်။ သက်ကြီးရွယ်အို အစာကြေညက်မှု နားနည်းသည့် အရွယ်တွင် နံနက်စောစော အစာကို ဆန်ပြုတ်စား ပေးသင့်သည်။ ဆန်ပြုတ်ကို တစ်ခါတစ်ရံတွင်လည်း အားဖြည့်အစာအဖြစ် နို့ ၊ သကြားတို့နှင့် ရေကျိုပြီး ယာဂုအဖြစ်လည်း သုံးဆောင်နိုင်ကြောင်း ရေးသားလိုက်ရ ပါသည်။

မည်သူမဆိုစိတ်ချမ်းသာစွာကူးယူခြင်း မျှဝေခြင်းများပြုလုပ်နိုင်
ပါတယ်။

May Soe
photo credit
#မေသတင်းရပ်ကွက်လေး

Leave a Reply

Your email address will not be published. Required fields are marked *