Diabetes Mellitus – ဆီးချိုရောဂါ
—————————————
ဆီးချိုကို အင်္ဂလိပ်ဆေးပညာအခေါ်အရ Diabetes Mellitus လို့ခေါ်တယ်။
ဆီးချိုရောဂါသည် ခန္ဓာကိုယ်တွင်း Glucose များနှင့်ပတ်သက်သော ဇီဝကမ္မဖြစ်စဉ် (Metabolism) ကမောက်ကမဖြစ်ခြင်းကြောင့် ဖြစ်လာသော ဝေဒနာတစ်ခုဖြစ်တယ်။
ဆီးချို ဖြစ်ရခြင်းရဲ့ အကြောင်းရင် ၂ ရပ်ရှိတယ်။
ပထမအကြောင်းရင်းက မျိုးရိုးဗီဇ (Genetic) မျိုးရိုးလိုက်ခြင်း (Hereditary) ကြောင့်ဖြစ်တယ်။
ဒုတိရအကြောင်းရင်းက ဘဝနေထိုင်မှု Life Style ကြောင့် ဖြစ်တယ်။
(ဤနေရာတွင် ဘဝနေထိုင်မှု Life Style ဆိုသည်မှာ အထိုင်များခြင်း၊ အဝလွန် အစားအစာ များ စားသောက်ခြင်းတို့ကဲ့သို့ အလွန်အမင်း ဇိမ်ကျကျ နေထိုင်မှုမျိုးကို ဆိုလိုသည်။ မျိုးရိုးဗီဇ၏ အပြစ် မဟုတ်ပါဘဲ မိမိ၏ နေပုံထိုင်ပုံ အဆင်မပြေ အချိုးမကျ၍ ဆီးချို ဖြစ်ရခြင်းကို ဆိုလိုပါသည်။)
ဒီလို ဘဝနေထိုင်မှု Life Style ကြောင့် ခန္ဓာကိုယ်တွင်း Glucose ဓာတ် (သကြားဓာတ်) နှင့် ပတ်သက်သော ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းဖောက်ပြန်သွားတယ်။
ထိုအခါ လူ့ကိုယ်ခန္ဓာ၏ သွေးထဲမှာ သကြားဓာတ် ပမာဏအဆင့် မြင့်တက် လာပါသည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းကို အင်္ဂလိပ် ဆေးပညာ အခေါ်အရ (hyperglycemia ဟိုက်ပါဂလိုက်ဆီးမီးယား) လို့ ခေါ်သည်။
သွေးထဲတွင်ရှိသော သကြားဓာတ် ပမာဏကို ထိန်းချုပ်သည့် ပစ္စည်းများမှာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတုပစ္စည်း များနှင့် ဟိုမုန်းများ ဖြစ်တယ်။
ဟိုမုန်းများအနက် အစာအိမ်၏ အောက်တွင် ကပ်လျက် တည်ရှိနေသော ပန်ကရိယ (pancreas ) ၏ ဘီတာဆဲလ် ( beta-cell) မှထုတ်လုပ်သော အင်ဆူလင် (INSULIN) ဟိုမုန်း သည် အရေးကြီးသည်။
ရောဂါ လက္ခဏာများ
လူတစ်ဦး၏ ဆီးချိုရောဂါသည် အင်ဆူလင်ဟိုမုန်း ထုတ်လုပ်မှု ချို့ယွင်းနည်းပါးမှုကြောင့် ဖြစ်ခဲ့လျှင် ယင်းဆီးချိုကို ဆီးချိုအမျိုးအစား-၁ဟု ခေါ်ဝေါ်သည်။ အကယ်၍ အင်ဆူလင် ဟိုမုန်း ပုံမှန်ထုတ်ပါလျက် အင်ဆူလင် ဟိုမုန်း၏ အစွမ်းသတ္တိ ထိရောက်စွာ မပြနိုင်ခြင်းကြောင့် ဆီးချိုဖြစ်ရတာမျိုးဆိုရင် ဆီးချိုအမျိုးအစား-၂ ဟုခေါ်သည်။ နောက်တစ်ချက်မှာ ကိုယ်ဝန်ကြောင့်ဖြစ်သော ဆီးချို (Gestational DM)ဖြစ်သည်။ အင်ဆူလင် ထုတ်လုပ်မှုနည်းပါးခြင်းပဲဖြစ်ဖြစ် အင်ဆူလင် အစွမ်းသတ္တိမပြနိုင်ခြင်းပဲဖြစ်ဖြစ် နှစ်မျိုးစလုံးသည် သွေးထဲ က သကြားဓာတ် ပမာဏကို တက်စေသည်။ သွေးထဲက သကြားဓာတ် ပမာဏကို တက်စေရင်းနှင့် အဓိကရောဂါ လက္ခဏာတွေ ဖြစ်ပေါ်စေပါသည်။
့ ၎င်းတို့ကား
ဆီးသွားတာများခြင်း၊ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊အမြင်အာရုံ ကျဆင်းေ၀ဝါးခြင်း၊အကြောင်းမဲ့ ပိန်ခြင်း၊မအီမသာဖြစ်ခြင်း နဲ့အခြားလက္ခဏာတွေ ပဲဖြစ်ပါတယ်။
မည်သည့် ဆီးချိုအမျိုးအစားကိုမဆို ဝေဒနာ မခံစားရအောင် ထိန်းချုပ်ကုသ နိုင်သည်။ ၁၉၂၁ တွင် အင်ဆူလင်ပေါ်လာကတည်းက ကြပ်မတ်စွာ ကုသနေနိုင်ခဲ့ပါသည်။ သို့သော် လုံးဝ ပျောက်ကင်းအောင် ကုသဖို့တော့ မဖြစ်နိုင်သေးပေ။ ဆီးချိုအမျိုးအစား -၁ တွင် အင်ဆူလင် ထိုးခြင်း၊ အင်ဆူလင်ပမ့် (pump) နဲ့ကုသခြင်း စသည့် ကုထုံးများဖြင့် ရောဂါ ဝေဒနာတွေ မခံစားရဘဲ နေ့စဉ် လုပ်ငန်းဆောင်တာ တွေကို အများနည်းတူ ဆောင်ရွက်နိုင်အောင် ထိန်းသိမ်းကုသနိုင် ပါသည်။ အမျိုးအစား၂ တွင်မူ အစားအသောက် ထိန်းသိမ်းမှုပိုင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း အပိုင်းများနှင့် သောက်ဆေးဖြင့် ကုသခြင်း (Oral hypoglycaemic drugs) အပိုင်း၊ အင်ဆူလင် ဖြင့်ကုသခြင်း အပိုင်းများနဲ့ ထိန်းချုပ် ကုသနိုင်ပါတယ်။
ဆီးချိုရောဂါနှင့်အတူ ယင်းကိုကုသသည့် ကုထုံးများကြောင့် ရောဂါ နောက်ဆက်တွဲများ ရှိလာတတ်သည်။ ဥပမာအားဖြင့် အချိန်တို အတွင်း( မိနစ်ပိုင်းမှ နာရီပိုင်း ရက်ပိုင်းအတွင်း) ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါ အဆစ်ကလေးများ အနေနှင့်- သွေးထဲက သကြားပမာဏ ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycaemia) ကီတုန်း လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထွက်ပြီး ခန္ဓာကိုယ် မှာ အက်ဆစ် ဓာတ်တွေ များလာခြင်း (Diabetic Ketoacidosis)၊ အက်ဆစ်ဓာတ်မများပဲ ကိုယ်ခန္ဓာရေဆွဲအား တက်လာလို့ ကိုမာဟု ခေါ်သော သတိမေ့မြောရောဂါ ဖြစ်ခြင်း (Non-ketotic hyperosmolar coma) တို့ ဖြစ်တတ်သည်။
အက်ဆစ်မများဘဲ သကြားဓာတ်အလွန်အမင်းများက သကြားဓာတ်က ရေဆွဲအားများ၍ ကိုမာ ဖြစ်ခြင်းမျိုး (Non-ketotic hyperosmolar coma) နှင့် သကြားဓာတ်များကာ ကီတုန်းဆက်စပ် အက်ဆစ်ဓာတ်များခြင်း (ketoacidosis) မျိုးမှာ သေသေချာချာ ထိရောက်သော ကုသမှုမျိုးကို မယူရသေး၍ ဖြစ်နိုင်ပါသည်။
ရောဂါကြောင့် ဖြစ်ပေါ်သည့် အချိန်ကြာမှ ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ရောဂါများမှာ နှလုံးနဲ့ သွေးကြော ဆိုင်ရာရောဂါများ (cardiovascular) ကျောက်ကပ် ပျက်ဆီးခြင်းမျာ (nephropathy)၊ ကျောက်ကပ် လုံး၀ အလုပ်မလုပ်နိုင် ကျဆုံးခြင်းများ (renal failure) မျက်လုံး အတွင်းပိုင်း ရက်တီနာ ဟု ခေါ်တဲ့ အမြင်လွှာစုစည်းသည့် အာရုံခံ ပစ္စည်း ပျက်စီးခြင်းများ (retinopathy) ခန္ဓာကိုယ် အနှံ့က ပူအေးထိတွေ့ စသည်တို့ကို သိသည့် အာရုံကြောနှင့် ကိုယ်လက် လှုပ်ရှားမှုကို ထိန်းတဲ့ အာရုံကြောတွေ ပျက်စီးတာတွေ ဖြစ်နိုင်ပါသည်။
ထို့နောက် အနာကျက်တာနှေး ခြင်း အမျိုးသားများတွင် ပန်းသေပန်းညှိုးခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပေါ်နိုင်ပါသည်။
ခြေထောက်များမှာ အနာကျက်နှေးသည့်အတွက် နောက်ပိုင်း အသားများပုပ်ဆွေးခြင်းများ မှသည် ခြေထောက် ဖြတ်ပစ်ရခြင်း မျိုးများလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် လုံလောက်သည့် ဆီးချို ကုသမှုနှင့် သွေးတိုးရောဂါကိုလည်း ထိန်းသိမ်း၊ အနေအထိုင် ဘ၀၀န်းကျင်ကိုလည်း ကောင်းအောင်မွန်အောင် ပြောင်းလိုက်နိုင်လျှင် (ဥပမာ ဆေးလိပ် ဖြတ်တာတို့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်း နိုင်တာတို့ လုပ်နိုင်လျှင်) ယခင်က ပြောခဲ့သော အချိန်ကြာမြင့်မှ ပေါ်ပေါက်မည့် ရောဂါ နောက်ဆက်တွဲ များကို အထိုက်အလျောက် တားဆီးနိုင်ပါ၏။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ဆီးချိုသည် လူလတ်ပိုင်း အရွယ်တွေ မျက်စိကွယ်ရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်နေပြီးတော့ ထိခိုက် ဒဏ်ရာ တစ်စုံတစ်ရာ မဖြစ်ဘဲ ခြေထောက်ဖြတ်ပစ်လိုက် ရခြင်း၏ အဓိက အကြောင်း အရင်းတစ်ရပ်လည်း ဖြစ်နေပြန်ပါသည်။
အမေရိကန်နိုင်ငံ တွင်မူ ဆီးချိုကြောင့်ဖြစ်သော ကျောက်ကပ်ရောဂါမှာ ဒိုင်ယာလက်ဆစ် (DIALYSIS) ဟု ခေါ်သည့် သွေးအတွင်း ဓာတုပစ္စည်းများကို အပြင်က ဓာတုပစ္စည်းတွေနှင့် ဖလှယ်ကာ ကျောက်ကပ်ကို အနားပေး ကုသရသည့် ကုထုံး ၏ အဓိကဖောက်သည်ရောဂါကြီး ဖြစ်နေပါသည်။