ငရုတ်သီးစားပြိုင်ပွဲမှာ ကမ္ဘာ့အစပ်ဆုံးငရုတ်သီးစားမိတဲ့အမျိုးသား ဆေးရုံရောက်
ငရုတ်သီး အစားပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့အစပ်ဆုံး ပန်းငရုပ်သီးစားမိတဲ့ အမျိုးသားတစ်ဦး ခေါင်းအလွန်ကိုက်ခဲမှုခံစားခဲ့ရတာကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နယူးယောက်ပြည်နယ်မှာပြုလုပ်တဲ့ ငရုတ်သီးစားပြိုင်ပွဲမှာ ကာရိုလိုင်းနားရီပါ လို့ခေါ်တဲ့ ငရုတ်သီးကို စားမိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ခေါင်းအလွန် ကိုက်ခဲလာခဲ့ပါတယ်။
ဒါဟာ အလွန်စပ်လွန်းတဲ့ ငရုတ်သီးစားမိလို့ဖြစ်ကြောင်း၊ ငရုတ်သီးအစပ် ကြိုက်သူတွေအနေနဲ့ စားပြီးပြီးချင်း ခေါင်းကိုက်လာပါက ချက်ချင်း ဆေးရုံပြသင့်ကြောင်း ဆရာဝန်က သတိပေး ပြောကြားခဲ့ပါတယ်။Thunderclap (မိုးချုန်းသံ) လို့ခေါ်တဲ့ ထိုခေါင်းကိုက်မှုမျိုးဟာ ဦးနှောက်ကိုပို့လွှတ်နေတဲ့ သွေးကြောရုတ်တရက် တင်းကျပ်လာတဲ့အတွက် ဖြစ်တာလို့သိရပါတယ်။
ထိုအမျိုးသားဟာ ပြိုင်ပွဲပြီးတာနဲ့ အော့အန်ခဲ့ပြီး နောက်နေ့တွေမှာ လည်ပင်းက အလွန်နာကျင်လာကာ စက္ကန့်ပိုင်းအတွင်းမှာ ခေါင်းမကြာခဏ ကိုက်ခဲလာပါတယ်။ နာကျင်မှုဟာ ဆိုးလွန်းတဲ့အတွက် အရေးပေါ်ဆေးကုသမှုခံယူခဲ့ပြီး အာရုံကြောဆိုင်ရာ မူမမှန်တာတွေ ရှိ မရှိ စမ်းသပ်ခဲ့ပေမယ့် အဲဒီလိုမူမမှန်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ACT scan အရသူ့ဦးနှောက်က သွေးလွှတ်ကြောအမြောက်အမြားဟာ တင်းကျပ်နေတာတွေ့ခဲ့ရပါတယ်။ ငရုတ်သီးစားမိလို့ ဆေးရုံတက်ရတဲ့ဖြစ်စဉ်ဟာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ‘အဲ့ဒီအချိန်က ကာရိုလိုင်းနား ရီပါ ငရုတ်သီစားတာကို တားမြစ်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ ဒီငရုတ်သီးရဲ့ အကျိုးသက်ရောက်မှုတွေကိုတော့ သတိပေးခဲ့ပါတယ်၊ ငရုတ်သီးအစပ် စားပြီးတာနဲ့ ခေါင်းကိုက်တာမျိုးဖြစ်လာရင် ဆေးကုသမှု ခံယူဖို့ အကြံပေးခဲ့ပါတယ်’ လို့ Detroit ရှိ ဟန်နရီဖို့ဆေးရုံမှ ဒေါက်တာ ကူလိုသန်ဂန် ဂူနက်ကရန် ကပြောပါတယ်။
ကာရိုလိုင်းနား ရီပါပန်းငရုတ်သီးဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာ့အစပ်ဆုံးငရုတ်သီးအဖြစ် Guinness ကမ္ဘာ့စံချိန်ဝင် ခဲ့ပါတယ်။ ထိုငရုတ်သီးကို လွန်ခဲ့တဲ့ ဆယ်နှစ်က တောင်ကာရိုလိုင်းနားရှိ ပက်ကာဘက် ပန်းငရုတ်သီးကုမ္ပဏီမှ အက်ကာရီက စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
#A Kon Thi