ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ်
အဖြစ်များတဲ့ ရောဂါတွေထဲမှာ ပါဝင်တဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်းဟာ မျိုးရိုးနဲ့ဆိုင်သလို စားသောက် နေထိုင်မှု ပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျောက်ကပ်မှာ ကျောက်တည်လာရင် သိနိုင်မယ့် ရှေ့ပြေး လက္ခဏာတွေကို စာဖတ်ပရိသတ်တွေအတွက် ဗဟုသတ အနေနဲ့ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။
(၂) ခါးနာခြင်းဟာ ရိုးရိုးသာမန် ကျန်းမာရေးပြဿနာတခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသလို ခါးနာကျင်မှု ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
(၃) ကျောက်ကပ်မှာ ကျောက်တည်နေတဲ့အခါ ဆီးအရောင်ဟာ ပုံမှန်ထက်ပိုရင့်ပြီး လိမ္မော်ရောင်ဘက် သမ်းနေတတ်ပါတယ်။ ဆီးအနံ့ဟာ သာမန်ထက်ပိုပြီး ဆိုးဆိုးဝါးဝါး အနံ့မျိုး ဖြစ်နေတဲ့အခါမှာလည်း ကျောက်ကပ်မှာ ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်ပါသေးတယ်။
(၄) ဆီးထဲမှာ သွေးတစွန်းတစပါလာပြီဆိုရင်တော့ ဒါဟာ ကျောက်ကပ်မှာ ကျောက်တည်တာကြောင့်လည်း ဖြစ်နိုင်သလို ကျောက်ကပ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာ တခုခုလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
(၅) ဝမ်းဗိုက်နဲ့ ခါးအောက်ပိုင်းတွေ မကြာခဏဆိုသလို နာကျင်နေတာဟာလည်း ကျောက်ကပ်တွင်း ကျောက်တည်ခြင်းရဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။
(၆) ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို မဖယ်ရှားပေးနိုင်တဲ့အခါ မအီမသာဖြစ်ပြီး ပျို့အန်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။
(၇) ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းဟာလည်း ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ပြလေ့ရှိတဲ့ လက္ခဏာတရပ်ဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။
Ref ; steptohealth.com
Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Edition